တိုက်စစ်မှူးစတာရစ်ခ်ျအပေါ် ရာနှုန်းပြည့် ယုံကြည်ကြောင်း ကလော့ပ်ပြောကြား
|
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လေ့ကျင့်ရေးကွင်းတွင် အသင်းဖော် ဂျော်ဒန်အိုင်ဘီနှင့် ထိခိုက်မိ၍ ဒူးဒဏ်ရာ အနည်းငယ်ရရှိခဲ့သောကြောင့် စပါးနှင့်ပွဲကိုလွဲချော်ခဲ့ရသည့် တိုက်စစ်မှူးစတာရစ်ခ်ျမှာ အကောင်းဆုံးပုံစံပြန်လည်ရရှိရန် ကြိုးပမ်းမည့်သူဖြစ်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။
ထို့အပြင် နည်းပြကလော့ပ်က ၎င်းတာဝန်ယူသည့်နေ့ရက်မှစ၍ အသင်းကစားသမားများအားလုံး တန်းတူအခွင့်အရေးရရှိစေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
စပါးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဒန်နီအင့်စ်နှင့် ဂျိုးဂိုမက်ဇ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ စတာရစ်ခ်ျသည်လည်း ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရသဖြင့် နည်းပြကလော့ပ်အတွက် အခက်အခဲဖြစ်စေခဲ့သော်လည်း လာမည့်ပွဲများတွင် ကြိုးစားပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။
နည်းပြကလော့ပ်က ”စတာရစ်ခ်ျဟာ တစ်ပတ် ၆ ရက်လောက် လေ့ကျင့်ခန်းကောင်းကောင်းဆင်းနိုင်ခဲ့ပါတယ်။ သူရဲ့ စွမ်းဆောင်ရည်အပြည့်အ၀ ကျွန်တော်တို့ရခဲ့တယ်။ အဲဒီနောက်မှာ အိုင်ဘီနဲ့ သူထိခိုက်မိခဲ့တယ်။ ဒီအခြေအနေမှာလည်း ကျေးဇူးပြုပြီး ကြိုးစားပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူထိခိုက်အောင်တော့ မလုပ်ပါဘူး။ သူခြေစွမ်းပြနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်ဘက်က သူ့ကိုရာနှုန်းပြည့် ယုံကြည်ထားတယ်” ဟု ပြောကြားခဲ့သည်။
Next : ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် လာလီဂါမှ ၁၁ ဦးအထိ အများဆုံးပါဝင်နေ