ဆန်းဒါးလန်းနှင့်ပွဲအပြီး အောင်ပွဲခံသည့်ပုံစံကြောင့် မက်ကလင်း သတိပေးခံရ
|
ဝက်စ်ဘရွန်းကွင်းလယ်လူ မက်ကလင်းမှာ ဆန်းဒါးလန်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ အပြီးတွင် အောင်ပွဲခံသည့်ပုံစံကြောင့် အက်ဖ်အေ၏ သတိပေးခြင်းခံခဲ့ရကြောင်းသိရသည်။
အဆိုပါပွဲအပြီး၌ မက်ကလင်းမှာ အသင်းဟောင်း ဆန်းဒါးလန်းပရိသတ်ဘက်သို့ သွားရောက်အောင်ပွဲခံခဲ့သဖြင့် ဆန်းဒါးလန်းကစားသမားများဖြစ်သော လီကတ်တာမိုး၊ ဒန်နီဂရေဟမ်တို့နှင့် အချင်းများမှုဖြစ်ပွားခဲ့သောကြောင့် သတိပေးခြင်းခံခဲ့ရသည်။
ဝက်စ်ဘရွန်းကွင်းလယ်လူ မက်ကလင်းမှာ ပွဲကစားစဉ်အချိန်တွင် ဆန်းဒါးလန်းပရိသတ်များ၏ အော်ဟစ်ဆဲဆို လှောင်ပြောင်ခြင်းခံခဲ့ရသောကြောင့် ယခုကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အိုင်ယာလန်ကွင်းလယ်လူသည် ၂၀၁၂ ခုနှစ်တွင် အဲဗာတန်နှင့် ကစားခဲ့သည့်ပွဲ၌ ကမ္ဘာစစ်အတွင်းကျဆုံးခဲ့သည့် စစ်သည်များကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ် ဘိန်းပန်းတံဆိပ်တပ်ဆင်သည့် ဂျာစီဝတ်ဆင်ရန် ငြင်းဆန်ခဲ့သောကြောင့် ပရိသတ်များ၏ အော်ဟစ်ဆဲဆိုခြင်းခံခဲ့ရသည်။
မက်ကလင်းမှာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အမေရိကန်ခရီးစဉ်တွင်လည်း အင်္ဂလန်အလံကို အလေးပြုရန်ငြင်းဆန်ခဲ့သောကြောင့် နည်းပြတိုနီပူးလစ်မှ အလေးအမြတ်ပြုရန် သတိပေးခြင်းခံခဲ့ရပြီး လာမည့်လတွင်ကျရောက်မည့် အဆိုပါအထိမ်းအမှတ်နေ့တွင်လည်း ဘိန်းပန်းတံဆိပ်ပါဝင်သည့်ဂျာစီ ၀တ်ဆင်ကစားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
Next : ကာတာလန်ဒေသ အလံများဖြင့် အောင်ပွဲခံခဲ့သည့်အတွက် ပြစ်ဒဏ်ချမှုအား ဘာစီလိုနာအယူခံဝင်မည်