အမ်းမရိတ်စ်တွင် ကစားရမည်ကို ထိတ်လန့်ကြောင်း ဂွါဒီယိုလာပြောကြား
|
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ယနေ့ညတွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ကို ထိတ်လန့်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးနှင့် ၂ မှတ်ကွာ ဒုတိယနေရာတွင် ရပ်တည်နေပြီး အိမ်ကွင်းပွဲများ၌ ခြေစွမ်းပြနေသောကြောင့် နည်းပြဂွါဒီယိုလာက အာဆင်နယ်အသင်းမှာ အမ်းမရိတ်စ်ကွင်းတွင် ကြောက်စရာကောင်းသည့်ခြေစွမ်း ပြသနိုင်သည့် အသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက ”သူတို့တွေ နိုင်ပွဲဆက်နေကြပါတယ်။ ကျွန်တော့်အသင်းရဲ့ လက်ရှိခြေစွမ်းကို ကျေနပ်ပေမယ့် တခြားနည်းလမ်းတွေကိုလည်း စဉ်းစားထားရပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ အမ်းမရိတ်စ်မှာဆိုရင် သားရဲတွေလိုပါပဲ။ သူတို့ဟာ ရဲရဲတောက်ကစားနိုင်စွမ်း ရှိသူတွေပါ။ ကျွန်တော်တို့ဘက်က ပါးပါးနပ်နပ်ကစားရမယ့်ပွဲဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့အခြေအနေက အာဆင်နယ်ထက်သာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောက်တစ်ဆင့်မရောက်သေးသလို အာဆင်နယ်လည်း မထင်မှတ်ဘဲ ၁၂ မှတ်ရသွားနိုင်တဲ့ အခြေအနေပါ။ အခုပွဲက ဥရောပအသင်းကြီးတစ်သင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ယနေ့ည ယှဉ်ပြိုင်မည့်ပွဲတွင် အာဆင်နယ်ဂိုးသမား အော့စ်ပီနာမှာ ပခုံးဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ပြီး ၎င်း၏နေရာတွင် ပီတာချက်ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Next : ထမ်းစင်သယ်တဲ့ ဆေးအကူအဖွဲ့ကြောင့် အခြေအနေပိုဆိုးသွားတဲ့ ဒဏ်ရာရကစားသမား