ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမစာရင်းတွင် လာလီဂါမှ ၁၁ ဦးအထိ အများဆုံးပါဝင်နေ
|
၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ပဏာမ ၂၃ ဦးစာရင်း ထုတ်ပြန်ခဲ့ရာတွင် ဥရောပထိပ်သီးလိဂ်များမှ ကစားသမားများ ပါဝင်ခဲ့ကြပြီး လာလီဂါမှ ကစားသမား ၁၁ဦးအထိ အများဆုံးပါဝင်ခဲ့ကာ ပရီးမီးယားလိဂ်နှင့် ဘွန်ဒက်စ်လီဂါတို့မှ ကစားသမား ၅ ဦးစီ၊ စီးရီးအေနှင့် ပြင်သစ်လီဂူး-၁မှ ကစားသမား ၁ ဦးစီ ပါဝင်ခဲ့သည်။
အဆိုပါ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ကာတင် ကစားသမား ၃ ဦး စာရင်းအား လာမည့် နိုဝင်ဘာ ၃၀ ရက်တွင် ရွေးချယ်မည်ဖြစ်ပြီး အကောင်းဆုံးကစားသမားဆုကိုမူ ၂၀၁၆ ဇန်န၀ါရီလတွင် ပြုလုပ်မည့် ဖီဖာအလုပ်အမှုဆောင် အစည်းအဝေးတွင် ရွေးချယ်ချီးမြှင့်မည်ဖြစ်ကြောင်း ဖီဖာက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးကစားသမား ပဏာမစာရင်း ထုတ်ပြန်ခဲ့ရာတွင် ပြီးခဲ့သည့်နှစ်က အကောင်းဆုံးကစားသမား ၃ ဦးစာရင်းတွင် ပါဝင်ခဲ့သည့် ရော်နယ်ဒို၊ မက်ဆီ၊ နျူအာတို့ ပြန်လည်ပါဝင်လာခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံးဆုရ အီဒင်ဟာဇက်၊ ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုရ ဒီဘရူနီတို့လည်း ၂၃ ဦးစာရင်းတွင် ပါဝင်လာခဲ့သည်။
ပဏာမ ၂၃ ဦး စာရင်းတွင် လာလီဂါကိုယ်စားပြု ကစားသမားများအဖြစ် ရော်နယ်ဒို၊ ဘင်ဇီမာ၊ ဘေးလ်၊ တိုနီခရူးစ်၊ ဂျိမ်းရိုဒရီဂွက်ဇ်၊ မက်ဆီ၊နေမာ၊ ဆွာရက်ဇ်၊ ရာကီတစ်၊ အင်နီယေစတာ၊ မာရှေယာနိုတို့ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ကစားသမားအဖြစ် ဟာဇက်၊ ဒီဘရူနီ၊ အဂူရို၊ ယာယာတိုရေးလ်၊ ဆန်းချက်ဇ်တို့ ပါဝင်ခဲ့ကာ ဘွန်ဒက်စ်လီဂါကစားသမားများအဖြစ် လီဝမ်ဒေါစကီး၊ မူလာ၊ နျူအာ၊ ရော်ဘင်၊ ဗီဒယ်တို့ ရွေးချယ်ခံခဲ့ရသည်။
ပြင်သစ်လီဂူး-၁ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ရွေးချယ်ခံခဲ့ရပြီး စီးရီးအေကစားသမားများတွင်မူ ဂျူဗင်တပ်လူငယ်ကွင်းလယ်လူ ပေါ့ဘာမှာ ပဏာမစာရင်းတွင် ပါဝင်ခဲ့သည်။
Next : ချန်ပီယံလိဂ် ရီးရဲလ်လူစာရင်းတွင် ဂါရတ်ဘေးလ်နှင့် ဘန်ဇီမာတို့ ဒဏ်ရာကြောင့် ပါဝင်ခြင်းမရှိ