ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး၊ မြန်မာ့လက်ရွေးစင်ကစားသမား သန်းပိုင် နှင့်တွေ့ဆုံခြင်း
|
အောက်တိုဘာ ၁၉။
အောင်သော်ဖြိုး။
“ပြိုင်တဲ့ပွဲတိုင်းမှာ ချန်ပီယံ ဖြစ်ချင်ပါတယ်”
ရန်ကုန်အသင်းက ဒီနှစ် နေရှင်နယ်လိဂ်ဖလားကို ၄ ကြိမ်မြောက်ရယူနိုင်ခဲ့တယ်။ အဲဒီအတွက် အသင်းသားတစ်ယောက်ရဲ့ ပီတိစကားလေး ပြောပေးပါဦး။
TP – ရန်ကုန်အသင်းအတွက် ဒီနှစ်မှစပြီး ကစားပေးနိုင်ခဲ့တယ်။ ဒီနှစ် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ပွဲမပြီးသေးဘဲ ချန်ပီယံဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်မိပါတယ်။
ရန်ကုန်အသင်းမှာ ကစားနေတဲ့ သန်းပိုင်ရဲ့ ခြေစွမ်းအပေါ်ကော အားရကျေနပ်မှုရှိရဲ့လား။
TP- ကိုယ့်ခြေစွမ်းကိုတော့ ကျေနပ်အားရမှု မရှိပါဘူး။ အများကြီး ကြိုးစားရဦးမှာပါ။ အသင်းက အစ်ကိုတွေနဲ့ ဟန်ချက်ညီဖို့အများကြီး ပြင်ဆင်ရဦးမှာပါ။ လက်ရွေးစင်အသင်းတွေမှာ အနေများတဲ့အတွက် အသင်းရဲ့ ကစားကွက်တွေမှာ သိပ်အံမဝင်သေးတဲ့ အနေအထားဖြစ်နေတာကို ပြင်ဆင်ရမှာပါ။
ယူ-၁၉ မှာ အတူတွဲကစားခဲ့တဲ့ ကျော်မင်းဦးကို ရန်ကုန်အသင်းက ခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာ သန်းပိုင်ရဲ့ အမြင်က ဘယ်လိုရှိလဲ။
TP- ရန်ုကုန်အသင်းမှာ ကောင်းတဲ့ ကစားသမားတွေရှိပြီးသားပါ။ ကျော်မင်းဦး ရောက်လာတဲ့အတွက် ရန်ကုန်အသင်း ပိုတောင့်တင်းပြီး ကွင်းလယ်ပိုကောင်းလာမယ်လို့ထင်ပါတယ်။
ရန်ကုန်အသင်းမှာ သန်းပိုင် ဘယ်နှစ်အထိ စာချုပ်သက်တမ်းရှိနေလဲ။ ကမ်းလှမ်းမှုခံထားရတာတွေ ရှိလား။
TP- ရန်ကုန်အသင်းနဲ့ ၂၀၁၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပါတယ်။ အသင်းတွေရဲ့ ကမ်းလှမ်းမှုမရှိသလို အသင်းပြောင်းဖို့လည်း မရှိပါဘူး။ လာမယ့်နှစ် ရန်ကုန်အသင်းမှာပဲ ရှိနေမှာပါ။
ရန်ကုန်အသင်းက AFC ပြိုင်ပွဲ ကန်ခွင့်ရသွားပြီဆိုတော့ အသင်းသားတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ အောင်မြင်မယ် မှန်းထားလဲ။
TP – AFC လိုပြိုင်ပွဲမှာတော့ ရန်ကုန်အသင်း ပိုပြီး ကြိုးစားသွားရမှာပါ။ ရန်ကုန်က AFC ပြိုင်ပွဲတွေ ကန်နေကျဆိုပေမယ့် ကျွန်တော့်အနေနဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။
မြန်မာ့လက်ရွေးစင်အသင်းက နည်းပြ အေဗရာမိုဗစ်ခ်ျနဲ့ လမ်းခွဲခဲ့တယ်။ နောက် ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် လက်ရွေးစင်တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါ။
TP – နည်းပြ နှစ်ယောက်လုံးက သူ့အားသာချက်နဲ့သူ ကောင်းကြပါတယ်။ လက်ရွေးစင် နည်းပြကြီးက ဘောလုံးကို ပိုင်မှ ကစားစေချင်တယ်။ ယူ-၁၉ နည်းပြကြီးကတော့ တစ်ဖက်အသင်းကို Press လုပ်ပြီး ကစားတာ အားသန်တယ်။ နည်းပြနဲ့ ပတ်သက်ပြီး ဘာမှ မသုံးသပ်ချင်ပါဘူး။ ဘယ်နည်းပြပဲလာလာ အကောင်းဆုံး ကစားသွားမှာပါ။
ကိုယ့်ဆရာဟောင်းဖြစ်တဲ့ ယူ-၁၉ နည်းပြကြီးကိုင်တွယ်မယ့် လက်ရွေးစင်အသင်းမှာ ပွဲထွက်ခွင့် ပိုရမယ်လို့ ထင်လား။
TP – လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ပိုကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ ပုံမှန်ပွဲထွက်ခွင့်ရဖို့က ဘယ်နည်းပြနဲ့ပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားနိုင်မှ ရမယ်ထင်ပါတယ်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆူဇူကီးပြိုင်ပွဲမှာကော မြန်မာအသင်း အောင်မြင်မှုရမယ်လို့ ထင်လား။
TP – အသင်းက စုစည်းထားတာလည်း မကြာသေးဘူး။ ကစားသမားအပြောင်းအလဲတွေလည်း ရှိနေသေးတဲ့အတွက် အကောင်းဆုံးခြေစွမ်းရဖို့ အချိန်တော့ နည်းနည်းလိုနေပါသေးတယ်။ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တယ်။ အဲဒါကို အမှတ်ရပြီး အကောင်းဆုံးကြိုးစားရင်း ချန်ပီယံဆုရယူနိုင်မယ်လို့ ထင်ပါတယ်။
လာမယ့်နှစ်တွေမှာ ဘယ်ဆုဖလားတွေကို ရယူဖို့ မျှော်လင့်ထားလဲ။
TP – လာမယ့်နှစ်မှာ ရန်ကုန်အသင်းနဲ့ AFC Cup၊ လက်ရွေးစင်အသင်းနဲ့ ဆူဇူကီးပြိုင်ပွဲ ကစားဖို့ရှိပါတယ်။ ကစားတဲ့ပွဲတိုင်းမှာ ချန်ပီယံဖြစ်ချင်ပါတယ်။
ရန်ကုန်ယူနိုက်တက်နဲ့ လက်ရွေးစင်အသင်း ပရိသတ်တွေကို ဘာများ ပြောချင်သေးလဲ။
TP – ကျွန်တော့်ကို အားပေးတဲ့၊ ချစ်တဲ့ ပရိသတ်တွေကို ကျွန်တော်လည်း ချစ်ပါတယ်။ လာမယ့် ပြိုင်ပွဲတွေမှာလည်း ရန်ကုန်နဲ့ မြန်မာအသင်းကို အားပေးကြပါဦးလို့ပြောချင်ပါတယ်။
Next : ဘာစီလိုနာနှင့် သက်တမ်းတိုးမည်ဟု ပရိသတ်များအား နေမာကတိပေး