ကူဝိတ်အသင်းကို FIFA အရေးယူမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာဘောလုံးအသင်းအခြေအနေကောင်းနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ZURICH, SWITZERLAND - JULY 20: Journalists report prior to a press conference at the Extraordinary FIFA Executive Committee Meeting at the FIFA headquarters on July 20, 2015 in Zurich, Switzerland. (Photo by Philipp Schmidli/Getty Images)
ဖီဖာမှ သတင်းထုတ်ပြန်မည့်အတွက်ကြောင့် ဖီဖာဌာနချုပ်ရှေ့တွင် သတင်းမီဒီယာများစောင့်ဆိုင်းနေစဉ်။

ကူဝိတ်အစိုးရက နိုင်ငံတွင်းအားကစားဥပဒေ ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အစိုးရမှဘောလုံးအပေါ်ဝင်ရောက် စွက်ဖက်ခြင်းနှင့်ပတ်သက်သည့်အတွက် ကူဝိတ်နိုင်ငံလက်ရွေးစင်းအသင်းအပါအ၀င် ကလပ်အသင်းများအား နိုင်ငံတကာဘောလုံးပြိုင်ပွဲကစားခွင့်များ ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ကူဝိတ်အသင်းအပေါ် FIFA အရေးယူမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကူဝိတ်နှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် မြန်မာအသင်းသည် အုပ်စုရပ်တည်မှု စတုတ္ထနေရာမှ တတိယနေရာသို့တက်ရောက်သွားသည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်တစ်ဆင့် တက်နိုင်ရေး မျှော်လင့်ချက်ရှိလာခဲ့သည်။

”ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ ကူဝိတ်နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ မြန်မာအသင်းက အုပ်စုစတုတ္ထနေရာကနေ တတိယနေရာကို ရောက်သွားပြီး လက်ဘနွန်ကိုတောင် မီနိုင်ပါသေးတယ်။အုပ်စုတတိယရရင် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်ကနေ ကစားခွင့်ရမှာ ဖြစ်ပြီး အုပ်စုအကောင်းအဆုံး ဒုတိယလေးသင်းထဲ ဝင်ရင်တော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတတိယအဆင့် ဆက်ကစားရမှာဖြစ်သလိုအာရှဖလားတိုက်ရိုက်ဝင်ခွင့်လည်း ရရှိသွားမှာပါ”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Deputy Secretary General ဦးကိုကိုသိန်းက ဆိုသည်။

အာရှဘောလုံးအဖွဲ့ချုပ်က ကူဝိတ်အသင်းအား FIFA ၏ အရေးယူမှုကို အတည်ပြုပေးခဲ့ပြီး မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်မှာ တစ်လခန့်လိုသေးသည့်
အတွက် အခြေအနေစောင့်ကြည့်ပေးရန်ပြောဆိုထားကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ကူဝိတ်အသင်းနှင့် ကစားရမည့်အနေအထား ရှိမရှိကို အမြန်ဆုံး
အကြောင်းပြန်ရန် တောင်းဆိုထားသည်ဟု သိရသည်။

ကူဝိတ်အစိုးရ၏ အားကစားဥပဒေ ထုတ်ပြန်သည့်ကိစ္စနှင့် ပတ်သတ်ပြီး FIFA အမှုဆောင်ကော်မတီက စက်တင်ဘာလ ၂၅ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို အားကစားဥပဒေအသစ်ကို အောက်တိုဘာလ ၁၅ရက်နေ့အတွင်းပြန်လည်ပြုပြင်ပေးရန် အကြောင်းကြားခဲ့ပြီး မပြုပြင်ပါက နိုင်ငံတကာပြိုင်ပွဲများ ကစားခွင့်ပိတ်ပင်မည်ဟု သတိပေးခဲ့သည်။

သို့ရာတွင်မူ ကူဝိတ်အစိုးရမှ အောက်တိုဘာ ၁၅ရက်ကျော်သည်အထိ အားကစားဥပဒေအသစ်ကို ပြုပြင်ခြင်းမရှိသည့်အတွက် FIFA မှ ယခုကဲ့သို့အရေးယူခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာလ ၂၇ရက်အထိ ယင်းဥပဒေကို ပြုပြင်ရန် ထပ်မံသတိပေးခဲ့သလို မပြုပြင်ပါက အိုလံပစ်ကော်မတီOIC ကလည်း အိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်မည်ဟု သတိပေးထားကြောင်းသိရသည်။

လက်ရှိအနေအထားအရ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်တွင် တောင်ကိုရီးယားအသင်းက ရမှတ် ၁၂မှတ်ဖြင့် အုပ်စုပထမ၊ လက်ဘနွန်အသင်းက
ရမှတ် ၇မှတ်ဖြင့် အုပ်စုဒုတိယ၊ မြန်မာအသင်းက ရမှတ်လေးမှတ်ဖြင့် အုပ်စု တတိယ၊ လာအိုအသင်းက ရမှတ် ၁မှတ်ဖြင့် အုပ်စုနောက်ဆုံးနေရာတွင် ရပ်တည်နေသည်။

မြန်မာအသင်းသည် နိုဝင်ဘာလ ၁၂ရက်နေ့တွင် တောင်ကိုရီးယားအသင်း၊ မတ်လ ၂၉ရက်နေ့တွင် လက်ဘနွန်အသင်း၊ ယခုအရေးယူခံခဲ့ရသည့် ကူဝိတ်အသင်းနှင့် နိုဝင်ဘာလ ၁၇ရက်နေ့တွင်ယှဉ်ပြိုင်ရန် ကျန်ရှိနေပြီး ကူဝိတ်အသင်းနှင့် ယှဉ်ပြိုင်ရန် လက်ရှိအခြေအနေတွင် အတည်ပြု၍ မရသေးကြောင်း သိရသည်။

comments

error: Content is protected !!