သင့်စကား တခွန်းကြောင့် သင်နှင့် သင့်ပတ်ဝန်းကျင် အမှောင် မကျစေပါနှင့်
|
ကျွန်တော် ဖြူးမြို့မှ စကားပြောနေပါသည်။
ရန်ကုန်နှင့် လမ်းဟောင်းမှလာလျှင် ၁၄၂ မိုင်လားမသိ ဝေးကွာပြီး လမ်းသစ်မှ လာလျှင်တော့ ၁၁၅ မိုင်ဆိုဖြူးရောက်ပြီ။ ၁၁၅ မိုင်ယာဉ်ရပ် နားစခန်းသည်ဖြူးဖြစ်သည်။ သို့သော် အသေ အချာပြန်တွေး ကြည့်တော့လည်း အဲ့ဒါ အရေးကြီး လို့လား၊ ဖြူးမှာပဲပြောပြော၊ ရန်ကုန်မှာ ပဲပြောပြော၊ လန်ဒန်မှာပဲပြောပြော၊ ဘယ်မှာပဲ ပြောပြော ပြောသောစကားကသာ အရေးကြီးသည် မဟုတ်လား။ ဘာကြောင့်ပြောသလဲ ဒီစကားက ဆိုတာကိုကြားနာသူများက စဉ်းစားကြပေလိမ့်မည်။
ဒီခေတ်ကြီးထဲ ကိုယ်ပြောသော စကားတစ်ခွန်းသည် မိနစ်အနည်းငယ် အတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိ သွားမှာသေချာသည်။ လူမှုကွန်ယက် စာမျက်နှာများကြောင့် ကျွန်တော်တို့သည် ဘာမှမဟုတ်သော် လည်း ကျွန်တော်တို့သည် ပြောရေးဆိုခွင့်ရှိသူများအဖြစ် အချိန်တိုတို အတွင်းရောက်ရှိကြလေသည်။ ကျွန်တော်တို့သည် Celebrity များမဟုတ်ကြ၊ သို့သော် အဲ့ဒါက အရေးမကြီးတော့ပြီ၊ အရင်တုန်းက ဘယ်ဟာက သတင်းလဲ..ဆိုသောမေးခွန်းမျိုးတွေရှိခဲ့ကြဖူးသည်။ သတင်းနှင့် ပတ်သက်ပြီး အရှင်းဆုံး ဥပမာက တစ်ခုပဲရှိပါသည်။ ခွေးက လူကိုကိုက်လျှင် သတင်းမဟုတ်၊ လူကခွေးကို ကိုက်လျှင် သတင်းဖြစ်သည်။ အခုတော့ ခွေးက ဓာတ်တိုင်သေးပန်းလျှင်ပင် သတင်းဖြစ်နေပြီ။ သတင်း၏တန်ဖိုးတွေ နိမ့်ကျကုန်ပြီဖြစ်ပြီး လူတိုင်းက ‘သတင်းလူသား’ တွေ ဖြစ်လာကြသည်။
အစကတော့ မိမိကိုယ်ကိုယ် ဘာမှလည်းမထင်၊ ကိုယ့် account နှင့် ကိုယ်မိုက်သွေးကြွပြီး တင်ချင်တာလေးတွေ စွတ်တင်ကြည့်တာပဲ။ အဲ့ဒီမှာ အားတိုင်း Add ထားကြသော မိတ်ဆွေများမှ စာတစ်ကြောင်းတောင်ပြီးအောင် မဖတ်ရသေးဘူး၊ Like မိုးတွေရွာ ပစ်လိုက်ကြတာကိုကြုံတွေ့ ခံစားလိုက်ရပြီး ‘ကြွေပြီလေ..’ တွေဘာတွေဖြစ်။ အဲ့ဒီနောက်တော့ ‘အားတိုင်းတင်’ တွေဖြစ်လာကြတော့တာပဲ မဟုတ်လား။ ကျွန်တော်တို့သည် အိုဘားမားထက်ပင် အရေးပါနေကြတော့သည်ကို မည်သူမှမငြင်းနိုင်ပါ။
အမှန်က ‘ခေတ်’ ပဲ။
မြင့်သစ်လာသော ကာလတစ်ခုတွင် ထူးခြားသောပြောင်းလဲ မှုများအား မည်သူမဆို ခံစားပိုင်ဆိုင်သင့်ပါသည်။ မနက် မလင်းသေးဘူး၊ စားကြပါဦးလား..ဆိုပြီးကောက်ညှင်းပေါင်းကို ဓာတ်ပုံရိုက်တင်သူလည်း ရှိသည်။ ဖေဖော်ဝါရီ ၃၀မှာ ကမ္ဘာမြေကို စွန့်ခွာအံ့ လို့ရေးတင်သူက တင်၊ ဟာ..အဖန် ၅၀၀၊ ၅ ကမ္ဘာကို မကြောက်ဘူးလား ဆိုပြီး တရားပြသူကပြ၊ သူ့ဟာနှင့် သူတော့ ဟုတ်နေတာပဲဖြစ်သည်။ အရင်တုန်းက ‘ကမ္ဘာ့ရွာ’ ဆိုသော စကားလုံးကို အသေငြိခဲ့ကြဖူးသည်။
အခုတော့ ‘ကမ္ဘာ့ကွက်သစ်ကြီး’ ဖြစ်လာပြီ။
ညှော်မယ်ဗျို့ဟု တစ်ခွန်းအော်ရုံနှင့် ကွက်သစ် တစ်ခုလုံးကြားသိပြီး အညှော်ရှောင်လိုက . . . ရှောင်။ ဒါမှမဟုတ်လည်း အဲ့ဒီညှော်မယ်ဆိုသော အိမ်ကို စိတ်တိုင်းကျ အတင်းတုတ်လို့ ရနေသလို မျိုးပေါ့။ ကမ္ဘာ့ကွက်သစ်ကြီးထဲ ကျွန်တော်တို့ အားလုံးထိစပ် ပတ်သက်နေကြသည်။ ယဉ်ကျေးမှုများ၊ စိတ်ခံစားမှုများ အားလုံး ဒီလိုနှင့် ရင့်ကျက်ခိုင်မာ လာကြရမြဲဆိုပေမယ့် အဲ့ဒီအဆင့်မျိုး ကျွန်တော်တို့ အားလုံးသွားနေလို့တော့ မရပါ။ ကမ္ဘာနှင့်တစ်ဝှမ်းမှ အမှန်တကယ် စောင့်ကြည့်ခံရသူများ ဆိုလျှင် ပိုလို့ ဆင်ခြင်သင့်တာပေါ့။ ကိုယ်ပြောလိုက်သော စကားတစ်ခွန်း သည် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၏ မီဒီယာစာမျက်နှာများတွင် တမုဟုတ်ချင်းပြိုင်တူဖော်ပြ ခံရတော့မည်ကို သိလျက်နှင့် တစ်ထောင်ဖိုးသုံးခွန်းစကားတွေ အလွယ်တကူ ပြောဆိုခြင်း မပြုသင့်ကြတော့ပါ။
ဒီရက်ပိုင်းထဲမှာပဲ ဘောလုံးကမ္ဘာမှ ပရိသတ်များ၊ ကစားသမားများနှင့် နည်းပြများ ကိုယ်တိုင်၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သော ဒေါ့မွန်နည်းပြ ’ဂျာဂင်ကလော့ပ်’ တစ်ယောက် မည်သည့် ကလပ်ကိုမှ ကိုင်တွယ်ခြင်းမပြုဘဲ အနားယူနေရာက လီဗာပူးကို တာဝန်ယူဖို့ဖြစ်လာသည်။ လီဗာပူး ကိုယ်တိုင်က အမှတ်ပေးဖလားနှင့် ဝေးကွာနေသည်မှာ၂၅ နှစ် တိတိရှိခဲ့ပြီဖြစ်ပြီး အင်္ဂလန်ကလပ် အသင်းများထဲ အရှိန်အဝါကြီးမားလှသည့် လီဗာပူးကို ကိုင်တွယ်မည်ဆိုတော့ သတင်းက လှုပ်ချင်တိုင်းလှုပ်သည်။ ဘရန်ဒန်ရော်ဂျာ၏ မရောက်ရှိမှုများ ကလည်း ဒီဇာတ်လမ်းကို ပို့ချင်တိုင်းပို့နိုင်ခဲ့ကြသည်။
‘ကျွန်တော်ဟာ စပယ်ရှယ်ဝမ်း ရင်ဘတ်ကို ထိုးစိုက်လိုက်မယ့် ဓားတစ်ချောင်းပဲ’ ဆိုတာမျိုး လုပ်လာမလား။
‘ကျွန်တော်ဟာ အန်ဖီးလ်အတွက် ဘုရားသခင်ရဲ့ ချစ်မြတ်နိုးမှုဖြစ်တယ်’ ဆိုတာမျိုး ပြောလာတော့ရော ဘာများတတ်နိုင်ဦးမှာလဲ။
သို့သော် ကလော့ပ်သည် အင်မတန်အ ထက်တန်းကျသော လူကြီးလူကောင်း တစ်ဦးဖြစ်ပုံရပါသည်။
‘ပရိသတ်များ၏ အသင်းအပေါ် စိတ်မရှည်ပေး နိုင်တော့လောက်အောင် ခံစားပေါက်ကွဲ နေကြသည်ကို နားလည်ပါကြောင်း၊ မိမိအပေါ် ကြီးစွာသော မျှော်လင့်ချက်ထား ရှိနေကြမည်ကိုလည်း သိရှိပါကြောင်း၊ သို့သော် မိမိကိုယ်တိုင်က ယေရှုခရစ်တော်လို ရေပေါ်လမ်းလျှောက်ပြနိုင်သူ မဟုတ်ပါကြောင်း’ ပြောဆိုသွားပုံမှာ ညက်နေသည်။ တကယ်တော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတိုင်း ပရိသတ်နားဝင်အောင် ပြောနိုင်စွမ်းရှိကြမည်သာ။ ကိုယ်တိုင်အလင်းရောင်ရှိမှ ကိုယ့်အားခိုလှုံသူတွေကို အလင်းမျှဝေပေးနိုင်လိမ့်မည်။
ဘရန်ဒန်ရော်ဂျာ သည် လီဗာပူးနှစ်ကာလ တစ်လျှောက်လုံး ရောက်တတ်ရာရာ စကားများကိုပြောဆိုခဲ့ပြီး ပရိသတ်ကိုလှည့်ဖျားဖို့ကြိုးစား ခဲ့သူဖြစ်သည်။ ပရိသတ်၏ လိုအင်ဆန္ဒတွေက အရေးမကြီး၊ သူ့မာနနှင့် သူ့ရှင်သန်မှုကသာ အရေးကြီးခဲ့သည်။ သူထုတ်ပယ်ခံရဖို့ အသံတွေ ထွက်လာတော့မှ စတာရစ်ခ်ျနှင့် အတူပြန်လာခဲ့ပြီဖြစ်ကြောင်း၊ ထိပ်ဆုံး(၄)သင်း စာရင်းဝင်နိုင်စွမ်း ရှိနေသေးပြီး ကံလေးနည်းနည်း လိုက်လာလျှင် ဗိုလ်စွဲနိုင်စွမ်းပင် ရှိနေသေးကြောင်း ပြောလာတော့ ပရိသတ်တွေက အဲ့ဒါကိုပြက်လုံးတစ်ခုလို ပင်မရယ်မောနိုင်ကြတော့ပြီ။
ဂျာဂင်ကလော့ပ်နှင့် ပထမဆုံး ဆုံတွေ့ရဖို့ရှိသည့် အသင်းမှာ စပါးဖြစ်သည်။ မနှစ်ကစပါးသည် ဟာရီကိန်း၏ စပါးဖြစ်သည်။ ပရီးမီးယားလိဂ် သွင်းဂိုး(၂၁)ဂိုးနှင့် သူ့ကျေးဇူးတွေက ၂၀၁၄-၁၅ စပါးမှာ နူးအိနေခဲ့တာမဟုတ်လား။ သို့သော် အချိန်တိုအတွင်းမှာ အင်္ဂလန် လက်ရွေးစင် တက်ဖြစ်၊ အဲ့ဒီကပြန်လာတော့ စပါးနည်းပြ ပိုချက်တီနိုက သူ့အတွက် စပါးကပ္ပတိန် လက်ပတ်နှင့်အတူစောင့်ကြိုနေ ခဲ့ပြန်သည်။ အဲ့ဒီထဲက ဒီကလေးလည်း ယုံကြည်မှု ခဲလွတ်သွားတော့တာ မဟုတ်လား။ တစ်ချို့က အမှန်တကယ်ပင် ယုံကြည်မှု လွန်ကဲသွားတတ်ကြသည်။ တစ်ချို့ကတော့ ယုံကြည်မှုရှိနေ သယောင်ဆောင်ကြတာပဲ။ အဲ့ဒီလိုအချိန်မျိုးတွင် ပြောသောစကား မှန်သမျှ ဘယ်လိုမှပုံမှန်အတိုင်း မထွက်နိုင်။ အဲ့ဒီနောက်တော့ ဟာရီကိန်းတစ်ယောက် ကျကျနနကြီးကို ကျလာပါသည်။ ရာသီနောက်ဆုံး ရက်များကစလို့ သူရုန်းကန်လာရသည်မှာ ရာသီသစ် ပထမကာလများအထိ အပြောင်းအလဲ မရှိသေး။ ပွဲစဉ်(၇)ရောက်မှ ရာသီသစ်အတွက် အဖွင့်ဂိုးကို သွင်းနိုင်ခဲ့သည်။ အဲ့ဒီဂိုးကလည်း ပြိုင်ဘက်ဂိုးသမား မရှိတော့သော ဂိုးပေါက်ထဲ ကန်သွင်းယူခဲ့သော ဂိုးဖြစ်သည်။ ကျွန်တော်တို့အားလုံးက ဘာပဲပြောပြော အစလေး တစ်ခုတော့ပြန်စနိုင်တာပဲ ဟု အကောင်းမြင်မလို့ လုပ်တုန်းရှိသေး၊ သူ့စကား တစ်ခွန်းထွက်လာတော့ အားလုံးပက်လက် လန်ကြရသည်သာ။
‘ကျွန်တော်ဟာ ဒီဂိုးနဲ့ ဝေဖန်သူတွေ အားလုံးရဲ့ ပါးစပ်ကို ပိတ်နိုင်ခဲ့ပြီ’ ဆိုပဲ။
လူတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခု ပဲဖြစ်ဖြစ် ကိုယ့်ဘက်က အခြေအနေမဟန်ကြောင်း အကြောင်းခြင်းရာ တစ်ခုမဟုတ် တစ်ခုနှင့်ဆက်စပ်ပြီး သိရှိကြရမြဲဖြစ်သည်။ကျပြီ..။ ကျပြီဆိုတာ အဆုံးသတ်သွားတာမှ မဟုတ်ဘဲ။ ကိုယ့်ဘက်က စစ်မှန်သောပြောင်းလဲမှုများ ပြုလုပ်နိုင်လျှင် ကိုယ့်မှာနောက်တစ်ကြိမ် တောက်ပခွင့် အမှန်တကယ်ရှိပါသည်။ အဲ့ဒီလိုမဟုတ်ဘဲ ကျရိပ်သန်းပြီဆိုရုံနှင့် ပုံမှန်မဟုတ်သော စကားများ ပြောဆိုခြင်း၊ အခြားသောပြိုင်ဘက်များအား အလွန်အမင်းတိုက်ခိုက် ပုတ်ခတ်ခြင်းများ ပြုလုပ်လာကြသည်မှာ တရားကျစရာ လည်းကောင်း၊ ရွံစရာလည်း ကောင်းလှသည်။ ဒီလိုနှင့်ပဲ သူတို့၏ နောက်တစ်ကြိမ် ဆိုသော တံခါးကို သူတို့ကိုယ်တိုင် အသေဆွဲပိတ် လိုက်သလို ရှိသွားတတ်တော့သည်သာ။
အခုလည်းပြောပြန်ပြီ။ ‘ဂျာဂင်ကလော့ပ်၏ အဖွင့်ပွဲ ရလဒ်ကောင်းရန် မလွယ်’ဆိုပါလား..။
ကျွန်တော်တို့သည် ‘ကမ္ဘာ့ကွက်သစ်’ ကြီးတစ်ခုထဲမှ ရုန်းထွက်ကာ ‘ကမ္ဘာလုံးဆိုင်ရာ အထက်တန်းစားမြို့ပြများ’ ထူထောင်ကြရပါ လိမ့်မည်။ ကျွန်တော်တို့ ကိုယ်တိုင်က သတင်းလူသားများ ဖြစ်လာကြချိန်မှာ ဘာမဟုတ်သော ပွတ်တိုက်ခြင်းများနှင့် အချိန်ကုန်ခံနေကြတော့ မှာလား။
ဖြူးမှာပြောပြော၊ ရန်ကုန်မှာပြောပြော၊ လန်ဒန်မှာပြောပြော..
ဘယ်မှာပြောပြော၊ ပြောသောစကားတိုင်း လိုလိုသည် ကိုယ်နှင့် ကိုယ့်မိသားစု၊ ကိုယ်နှင့် ကိုယ့်မြို့ရွာ၊ ကိုယ့်နိုင်ငံတော်အတွက် ဂုဏ်ရည်မြှင့် စကားတွေဖြစ်နေလျှင် ဘယ်လောက်များ မင်္ဂလာ ရှိလိုက်မလဲ..။ ဒီတစ်ပတ် ကျွန်တော် အဲ့ဒါကိုပဲ ထိုင်တွေးနေဖြစ်ပါသည်။
(N ကြယ်မင်း)
Next : ဒိုင်များ ဘက်လိုက်သည်ဟု စွပ်စွဲခဲ့သည့်မော်ရင်ညို တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံရ