မန်ချက်စတာဒါဘီပွဲလွဲချော်ပြီဟု အဂူရို ထုတ်ဖော်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
agueromiss
အီကွေဒေါနှင့်ပွဲစဉ်တွင် ဒဏ်ရာရသွားခဲ့သည့် အဂူရိုအားတွေ့ရစဉ်။

မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုက တံကောက်ကြောဒဏ်ရာကြောင့် လာမည့်မန်ယူအသင်းနှင့်ဒါဘီပွဲစဉ်အထိပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။

မန်စီးတီးအသင်းက အဂူရိုမှာ တစ်လခန့်အနားယူရမည်ဟု မျှော်လင့်ထားသော်လည်း အဆိုပါတိုက်စစ်မှူးကဒီဇင်ဘာလအထိ အနားယူရမည်ဟု ဆိုခဲ့သောကြောင့် နိုဝင်ဘာလအတွင်းကစားမည့် အာဂျင်တီးနားနှင့်ဘရာဇီးပွဲစဉ်ကိုပါ လွဲချော်ရဖွယ်ရှိနေသည်။

အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးက ” ပြန်ကောင်းဖို့ တိုးတက်မှုနှုန်းနှေးနေပါတယ်။ မကြာခင်ပြန်ကစားနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒါပေမဲ့ အပြည့်အ၀ကြံ့ခိုင်မှုရမှ ပြန်ကစားမှာပါ။ ဘာလို့လည်းဆိုတော့ နောက်တစ်ကြိမ်ဒဏ်ရာထပ်မရချင်ပါဘူး။ အမြန်ဆုံးပြန်ကောင်းဖို့ပဲတွေးနေပါတယ်။ ဘရာဇီးနဲ့ပွဲမှာ ပါဝင်ဖို့ကတော့ မသေချာသေးပါဘူး” ဟု ပြောကြားခဲ့သည်။

ယခုဒဏ်ရာပြဿနာနှင့်ပတ်သက်၍ အာဂျင်တီးနားအသင်းနည်းပြမာတီနိုအပေါ် အပြစ်မတင်ရန် အဂူရိုက ပြောကြားထားပြီး၎င်းက ”ကျွန်တော့်မှာ အသေးစားဒဏ်ရာပြဿနာရှိတာအမှန်ပါပဲ။ ဒါပေမဲ့ ပြန်ကောင်းလာခဲ့လို့ နယူးကာဆယ်နဲ့ပွဲမှာ ကစားခဲ့တာပါ။ အာဂျင်တီးနားကိုမရောက်ခင်အချိန်အထိအကောင်းအတိုင်းပါပဲ။ မာတီနိုကလည်း ကျွန်တော်ကစားနိုင်ရဲ့လားလို့ မေးခဲ့ပါသေးတယ်။ ကျွန်တော့်ဘက်က အဆင်သင့်ပဲလိုပြောခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!