ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိကြောင်း မူလာဖွင့်ဟ
|
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမူလာက ပရီးမီးယားလိဂ်အသင်းများ၏ လစာပေးချေမှုမှာ အလွန်ဆွဲဆောင်မှုရှိသည်ဟု ဆိုခဲ့ပြီး စိတ်မ၀င်စားကြောင်းပြောကြားသူများမှာ သူတော်ကောင်းယောင်ဆောင်သူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်မှာ ယခုနွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးမူလာကို မန်ယူက ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန်ကမ်းလှမ်းမှုအား ပယ်ချခဲ့ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသင်းအမှုဆောင်အရာရှိချုပ် ရူမင်နစ်ဂီက ”သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ တန်ဖိုးသတ်မှတ်ပေးလို့မရပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အသက် ၂၆ နှစ်ရှိမူလာသည် ပြီးခဲ့သည့်နှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သောကြောင့် ပရီးမီးယားလိဂ်သို့ရောက်ရှိရန် ခက်ခဲကြောင်း သိရသည်။
မူလာက ”ဘောလုံးကစားတာက ကျွန်တော်တို့ရဲ့အသက်မွေးအလုပ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့် ကစားသမားတစ်ယောက်အတွက် လစာက အရေးပါတယ်ဆိုတာ လူတွေသိထားသင့်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့လစာပေးချေမှုက တကယ့်ကို မက်လောက်စရာပါပဲ။ ဒါကို စိတ်မ၀င်စားဘူးလို့ငြင်းရင် ကြောင်သူတော်ပဲ ဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
Next : အေစီမီလန်နည်းပြ ဖြစ်လာနိုင်သည်ဆိုသည့် သတင်းများကို လစ်ပီငြင်းဆန်ခဲ့