အသင်းအား ထိခိုက်အောင်ပြောဆိုမှုကြောင့် ကျော်မင်းဦးကို ဧရာဝတီက သိန်း ၂ဝဝ ပြစ်ဒဏ်ချမှတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
Myanmar+v+Korea+Republic+AFC+22+Championship+XsME8DfQICKx
ကျော်မင်းဦး(လယ်)အားတွေ့ရစဉ်။

ရန်ကုန်၊အောက်တိုဘာ ၁၃။
အောင်သော်ဖြိုး။

ဧရာဝတီအသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးကို အသင်းနှင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ ချုပ်ဆိုသည့် စာချုပ်တွင်ပါရှိသည့် အပိုဒ် ၁၁၊ အပိုဒ် ၁၂၊ အပိုဒ် ၁၅၊ အပိုဒ် ၁၆ နှင့် နောက်ဆက်တွဲ ဇယား (၁ – ဃ) များတွင် ပါရှိသည့် စည်းကမ်းချက်များအရ ဒဏ်ကြေးငွေ သိန်း ၂ဝဝ ချမှတ်ခဲ့ကြောင်း ဧရာဝတီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးဇွဲလှိုင်မှီက ပြောကြားသည်။

ဧရာဝတီယူနိုက်တက်ကွင်းလယ်ကစားသမား ကျော်မင်းဦးက Hyper Sports မီဒီယာသို့ ဖြေကြားသည့် အင်တာဗျူးတွင် အသင်းဂုဏ်သိက္ခာအား ထိခိုက်စေမှုဖြင့် ဒဏ်ကြေးငွေ သိန်း ၂၀၀ ပေးဆောင်စေရန် ဧရာဝတီယူနိုက်တက်အသင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

ကစားသမားများအနေဖြင့် အသင်းနှင့် သက်ဆိုင်သည်များကို ပြောဆိုရာတွင် အသင်းတာဝန်ရှိသူများကို ဦးစွာဆက်သွယ်ရမည်ဖြစ်ပြီး ကျော်မင်းဦးအနေဖြင့်  အသင်ဂုဏ်သိက္ခာကျဆင်းစေသည့် စကားများကို မီဒီယာအားတိုက်ရိုက်ပြောကြားခဲ့ကြောင်း ဧရာဝတီအသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

ကျော်မင်းဦးသည် Hyper Sports မီဒီယာအားဖြေကြားရာတွင် ဧရာဝတီအသင်းတွင် နေထိုင်ရသည်မှာ အဆင်မပြေကြောင်း၊ အသင်းအဆောင်ရှိ ၎င်း၏အခန်းသည် မိုးမလုံဘဲ ရေများဝင်နေသည်ကို အသင်းမှပြင်ဆင်ပေးခြင်းမရှိသောကြောင့် အသင်းပြောင်းရွှေ့တော့မည်ဟု ပြောဆိုခဲ့သည်။

“အသင်းအဆောင်မှာ အသင်းကြီးရော လူငယ်အသင်းကရော ကစားသမား၅၀ကျော်ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒါမျိုးပြဿနာမဖြစ်ဘူး။ သူတစ်ယောက်ပဲ မိုးယိုတာကိုပြောတယ်”ဟု ဦးဇွဲလှိုင်မှီက ဆိုသည်။

ကျော်မင်းဦးအနေဖြင့် အသင်းပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်ပြီးဟုသိရှိရကြောင်း၊ အပြောင်းအရွှေ့အတွက် ငွေကြေးမည်မျှရသည်ကို မပြောလိုကြောင်း ဦးဇွဲလှိုင်မှီက ထပ်လောင်းပြောကြားသည်။

မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သည့် ကျော်မင်းဦးကို နေရှင်နယ်လိဂ်အသင်းများက စိတ်ဝင်စားနေပြီး ရန်ကုန်အသင်းက ဧရာဝတီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ကျော်မင်းဦးကိုခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။

“ကျော်မင်းဦးကို ရန်ကုန်အသင်းက စာချုပ်ကုန်ရင် ခေါ်ယူမယ်ဆိုပြီး သဘောတူညီမှုရထားပါတယ်။ ကျော်မင်းဦးအနေနဲ့ ရန်ကုန်အသင်းက ငွေကြိုယူထားတာမရှိပါဘူး။ ကျော်မင်းဦးကို ဧရာဝတီအသင်းပြစ်ဒဏ်ချတာက ကစားသမားခေါ်ယူမှုကို  မထိခိုက်ပါဘူး။ တကယ်လို့ ကျော်မင်းဦး ကျွန်တော်တို့ဘက်ကိုပြောင်းခဲ့လို့ လက်မှတ်ထိုးကြေးရရင် သူပေးနိုင်မှာပါ” ဟု ရန်ကုန်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ဆိုသည်။

ကျော်မင်းဦးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီထွက်ကစားသမားနှင့် ကမ္ဘာ့ဖလားသို့ ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာ ယူ-၁၉ အသင်းသားတစ်ဦးဖြစ်ပြီး  ဧရာဝတီအသင်းက ခေါ်ယူခဲ့သည့် အချိန်စ၍ ယခုအချိန်အထိ ၂ နှစ်အတွင်း မြန်မာယူ-၁၉ အသင်းနှင့် လက်ရွေးစင်အသင်းအတွက် ကစားပေးထားကာ ဧရာဝတီအသင်းနှင့် ၂၀၁၅ နေရှင်နယ်လိဂ် ဒုတိယအကျော့တွင် ပြန်လည်ပူးပေါင်းခဲ့ရာတွင် အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ၌ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

comments

error: Content is protected !!