ပေါင်ဒဏ်ရာကြောင့် ဂျာမနီကွင်းလယ်လူ ဂေါ့ဇီ ၃လခန့် အနားယူရမည်
|
ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ မာရီယိုဂေါ့ဇီသည် အိုင်ယာလန်အသင်းအား ၁-၀ ဖြင့်အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား မက္ကာသီနှင့် ထိခိုက်မိခဲ့ပြီး ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်မှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ်ဘောလုံးရာသီတွင် ဂျာမနီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းများအတွက်အကောင်းဆုံးခြေစွမ်းပြနိုင်နေသည့် ကွင်းလယ်လူဂေါ့ဇီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ လက်ရွေးစင်အသင်းဆရာဝန်ဟန်းစ်ဝီလျံမူလာက ဂေါ့ဇီ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဂေါ့ဇီအနေနှင့် ပေါင်ဒဏ်ရာကြောင့် အနည်းဆုံး ၃ လခန့် အနားယူရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဂေါ့ဇီမှာ ၂၀၁၂-၁၃ ဘောလုံးရာသီ ဒေါ့မွန်အသင်းတွင် ကစားခဲ့စဉ်ကလည်း ယခုကဲ့သို့ ပေါင်ဒဏ်ရာရရှိခဲ့သော်လည်း အချိန်အနည်းငယ်သာ အနားယူခဲ့ရပြီး ၂၀၁၁-၁၃ ဘောလုံးရာသီတွင်ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ၂လခွဲခန့်အနားယူခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
“ပြိုင်ဘက်ကစားသမားရဲ့ကစားပုံက ရှက်စရာကောင်းလောက်အောင် ကြမ်းတမ်းခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းက အသင်းတွေအတွက် နစ်နာပါတယ်။ ဒဏ်ရာကနေ အမြန်ဆုံးသက်သာပြီး ပြန်ကစားနိုင်ဖို့ကိုပဲ မျှော်လင့်ရတော့မှာပါ” ဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုက ဆိုခဲ့သည်။
Next : ဗီယက်နမ်နှင့်မြန်မာတို့ ယှဉ်ပြိုင်ကစားမည့် ဖူဆယ်ပွဲစဉ်အား Youtube မှ တိုက်ရိုက် ကြည့်ရူနိုင်မည်