ကလော့ပ်အားခန့်အပ်မှုမှာ အကောင်းဆုံးဖြစ်ပြီး မော်ရင်ညိုမှာ လက်ရှိအခက်အခဲကို ကျော်လွှားနိုင်မည်ဟု ဖာဂူဆန်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
473595626
ယမန်နေ့က အမေရိကန်တွင်တွေ့ရသည့် ဂန္ထ၀င်နည်းပြဖာဂူဆန်

မန်ယူနည်းပြဟောင်းဖာဂူဆန်က လီဗာပူးအသင်းသည် ယာဂင်ကလော့ပ်အား နည်းပြအဖြစ်ခန့်အပ်လိုက်သည်မှာ ကောင်းမွန်သည်ဟု ချီးကျူးလိုက်သော်လည်း ထိုနည်းပြမှာ အပြောင်းအရွှေ့ကော်မတီနှင့် ပြဿနာဖြစ်ပွားလိမ့်မည်ဟုလည်း ဟောကိန်းထုတ်လိုက်သည်။

မန်ယူဂန္ထ၀င်နည်းပြဖာဂူဆန်က ESPN နှင့်အင်တာဗျူးတစ်ခုတွင် ပြောကြားရာ၌”အရမ်းကောင်းတဲ့ ခန့်အပ်မှုပါ။ သူ့ကို ကျွန်တော်သဘောကျတယ်။ ဖီဖာနည်းပြအစည်းအဝေးမှာ တွေ့ဖူးတော့ သူပအကြောင်း ကောင်းကောင်းသိတယ်။ အရည်အချင်းရှိတယ်၊ စိတ်ဓာတ်ကြံ့ခိုင်တယ်၊ အရမ်းခေါင်းမာတယ်၊ စိတ်ဆန္ဒပြင်းပြတယ်။ ဒေါ့မွန်မှာ သူနည်းပြလုပ်ခဲ့တဲ့သမိုင်းကောင်းက သူ့ကိုထိပ်ဆုံးရောက်စေခဲ့တယ်။ သူအဆင်ပြေမှာပါ”ဟု ဖာဂူဆန်က ၎င်း၏အမြင်အား ဖွင့်ဟခဲ့သည်။

လီဗာပူးနည်းပြသစ် ယာဂင်ကလော့ပ်မှာ ကလပ်သစ်၏ အပြောင်းအရွှေ့ကော်မတီနှင့်ပတ်သက်ပြီး ပြဿနာမရှိဟု ပြောကြားထားသော်လည်း ဖာဂူဆန်က ထိုကော်မတီတည်ရှိနေသည့် အယူအဆကို လက်မခံကြောင်းနှင့် နည်းပြကသာ အလုံးစုံထိန်းချုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း အကြံပြုခဲ့သည်။

“နည်းပြကို မယုံကြည်ရင် ဘာလို့ခန့်ထားတာလဲ။ ကိုယ့်နည်းပြကို ယုံကြည်ရမှာပေါ့။ ဘယ်ကစားသမား၊ ဘယ်လိုကစားသမား၊ ဘယ်နေရာက ကစားသမား၊ ဘယ်လိုစရိုက်မျိုးလိုချင်လဲဆိုတာ နည်းပြကပဲဆုံးဖြတ်ရမှာ။ နည်းပြအနေနဲ့ ဘာကိုလိုအပ်နေလဲဆိုတာ အသိဆုံးက နည်းပြပဲလေ။ သူတို့ခိုင်းတဲ့အတိုင်းလုပ်မယ့် နည်းပြကိုခန့်ဖို့ စားပွဲတစ်လုံးမှာ ကော်မတီဝင်တွေ ၀ိုင်းထိုင်ပြီး နည်းပြသစ်ကို ခင်ဗျားလည်း ဒီကော်မတီဝင်ဖြစ်ပြီလို့ ပြောလို့ရမလား။ အဲဒါမှားတယ်။ ယာဂင်ကလော့ပ်လိုလူက အဲဒီအနေအထားကို လက်ခံမယ်လို့ ကျွန်တော်တော့ မထင်ဘူး”ဟု ဖာဂူဆန်က ဖြည့်စွက်ပြောကြားသွားသည်။

ထို့အပြင် ဖာဂူဆန်က ချဲလ်ဆီးအသင်းမှာ ယခုရာသီအစတွင် ရလဒ်မကောင်းသော်လည်း နည်းပြမော်ရင်ညို၏လမ်းညွှန်မှုဖြင့် အကောင်းဆုံးခြေစွမ်းပြန်လည်ရရှိလိမ့်မည်ဟု ဆိုသည်။

ဖာဂူဆန်က “အခုလိုအခြေအနေမျိုးက မော်ရင်ညိုအတွက် ပထမဆုံးဖြစ်မှာပါ။ ကျွန်တော်အပါအ၀င် အားလုံးက သူတို့ကိုနိုင်ဖို့ ခက်ခဲမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နည်းပြကောင်းတွေက အခက်အခဲကို ကျော်လွှားနိုင်သူတွေပါ”ဟု မော်ရင်ညိုဘက်မှ ထောက်ခံပြောကြားခဲ့သည်။

comments

error: Content is protected !!