ကျွန်တော်နှင့် ဘောလုံးလောက ယတြာများ (၁)
|
လူတို့တွင် ယုံကြည်ရာများစွာ ရှိကြသည်။ အချို့က ကိုးကွယ်ရာ ဘာသာ၊ အချို့က ဗေဒင်၊ အချို့က နမိတ်များ၊ အချို့က အိပ်မက် အစရှိသဖြင့် ကွဲလွဲမှုများ ရှိကောင်း ရှိပေလိမ့်မည်။ ဘောလုံး လောက တွင်လည်း ယုံကြည်ရာများ၏ ပါဝင် ပတ်သက်မှုများ ရှိပေသည်။ နိုင်ငံတကာ ဘောလုံး ဇတ်ခုံတွင်ပင် ယုံကြည်ရာ အစွဲများ ပြုလုပ်မှု ရှိခဲ့ဖူးသည်။ လာဘ်ကောင်များ ရှိခဲ့ဖူးသည်။ တရုတ်တို့၏ ဖုန်းရွှေ အယူဖြင့် ပြုလုပ်ထားသည့် လာဘ်ခေါ် ကြောင်ရုပ်လေးကို ကွင်း အတွင်း ထားခဲ့သည့် မန်စီးတီး (သက်ဆင် လက်ထက်)၊ အိမ်ကွင်းမှာ လာဘ်ကောင် လင်းယုန်ကို ကွင်းအတွင်း ပျံသန်းခိုင်းတဲ့ ဘင်ဖီကာ အသင်း စသဖြင့် အများကြီး ရှိခဲ့ဖူးသည်။
မြန်မာ့ ဘောလုံး လောကတွင်လည်း လူမသိခဲ့သည် ကန့်လန့်ကာ နောက်ကွယ်က ယတြာများ ရှိခဲ့ဖူးသည်။ မိမိအနေဖြင့် အသင်းများ၏ နာမည်နှင့် လူပုဂ္ဂိုလ်တို့၏ နာမည်များကို မဖော်ပြသည်ကို နားလည်ပေးစေလိုပါသည်။
ဘောလုံး နှစ်လုံးနှင့် နတ်ကွန်း
မြန်မာ့ဘောလုံးလောကကို ကြေးစား စနစ် (ပရော်ဖက်ရှင်နယ်) မပြောင်းခင် အဆင့်မြင့်တန်းလိဂ် အချိန်တွင်ဖြစ်သည်။ အချိန်ကာလအားဖြင့် ၂၀၀၁ ခုနှစ် တွင်ဖြစ်ပေ မည်။ ထို့အချိန်က ကမ္ဘောဇ ဖလား (KBZ) ပြိုင်ပွဲကို တောင်ကြီး မြို့တွင် ကျင်းပလေ့ရှိခဲ့သည်။ အဆင့်မြင့်တန်း အသင်းကြီးများကို ဖိတ်ခေါ်၍ တောင်ကြီးမြို့တွင် ယှဉ်ပြိုင် ကစားစေခြင်းဖြစ်ကာ KBZ Bank မှ အဓိက စပွန်ဆာ ပေးခြင်းပင်။
တောင်ကြီးမြို့တွင်ရှိသည့် နတ်ကွန်း (ရန်ကုန် အခေါ် ဘိုးဘိုးကြီး နတ်နန်း) တွင် ပူဇော်ပသမှု လုပ်ပါက ဆုတောင်းပြည့်သည်ဟု ဒေသခံများက ယုံကြည်ကြသည်။ တောင်ကြီးမြို့နယ် ဘောလုံးပွဲများတွင်လည်း သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ဘောလုံးအသင်းများက ထိုသို့ ပူဇော်ပသလေ့ ရှိကြသည် ဟုဆိုသည်။ ယခုဖြစ်ရပ်မှာ အသင်းကြီး နှစ်သင်းတွေ့သည့် ပွဲတွင်ဖြစ်သည်။ ထိုအသင်းနှစ်သင်းမှာ ကကြီး အသင်းနှင့် ခခွေး အသင်း ဆိုပါစို့။
ခခွေးအသင်း မန်နေဂျာကို ဒေသခံတစ်ဦးက ထိုသို့ဆိုသည် . . .
“ဆရာ ကျွန်တော်တို့ ဘိုးဘိုးကြီး နတ်နန်းမှာ ဘောလုံး သွားဆက်ကြည့်ပါလား၊ ဒီမှာတော့ ဘောလုံးပွဲတွေ ဘာတွေ နိုင်ချင်ရင် ဘိုးဘိုးကြီးကို အဲ့လိုသွားသွား ဆက်ကြတယ်။ ဒေသ အယူပေါ့ ဆရာရယ်၊ ဒီကလူတွေကတော့ ဆုတောင်းပြည့်တယ်လို့ အယူရှိတယ်”
ဘာပဲ ဖြစ်ဖြစ် ဒေသ အယူဖြစ်တာကြောင့် ခခွေးအသင်း မန်နေဂျာ ဦးနီ (အမည်လွှဲ) ဘောလုံးဆက်ရန် စဉ်းစားချေပြီ၊ ဘိုးဘိုးကြီးအား ဘောလုံး ဆက်ရန် အလို့ငှာ ဘောလုံး တစ်လုံးတွင် ခခွေးအသင်း ဟု ရေးကာ နတ်နန်း ရှိရာသို့ ထွက်လာခဲ့လေသည်။
နတ်နန်း အရောက်တွင် မြင်ရသော မြင်ကွင်းကြောင့် ခခွေးအသင်း မန်နေဂျာ ဦးနီ အံ့သြသင့်သွားသည်။ ဘိုးဘိုးကြီးရှေ့တွင် ဘောလုံးတစ်လုံး ရောက်နှင့်နေပြီ . . . ။ ဘောလုံးပေါ်တွင် ကကြီး အသင်းဟု ရေးထားသေးသည်။ သေချာပြီ ကကြီးအသင်း မန်နေဂျာ ဦးညိုကြီး အကြံဦးသွားခြင်း ဖြစ်ပေသည်။
အကြံတူလျှင် နောက်လူသာ စမြဲဖြစ်သည်။ ခခွေးအသင်း မန်နေဂျာ ဦးနီ နတ်ကွန်းအထဲသို့ ၀င်သွားသည်။ နတ်ကွန်းအတွင်းတွင် ယောဂီရောင် ၀မ်းဆက်ဖြစ် ရွတ်ဖတ်ပူဇော်ပေးနေသော နတ်ကွန်း စောင့် ဆရာကြီးအား အလှူငွေထည့်သည်။ ထို့နောက် မိမိဘောလုံးအား ကကြီးအသင်း ဘောလုံး၏ အပေါ်တွင် တင်ထားပူဇော်ပေးရန် တောင်းဆိုသည်။ နတ်ကွန်း ဆရာကြီးကလည်း ခခွေး ဘောလုံးအား ကကြီးအသင်းဘောလုံးထက်မြင့်သော နေရာတွင် ပူဇော်ပေးလိုက်သည်။ နတ်ကွန်းက အထွက်တွင်တော့ ခခွေးအသင်း မန်နေဂျာ ဦးနီက ဘယ်ရမလဲ ငါကွ ဆိုသည့် သဘောဆန်ဆန်း ပြုံးပြုံးကြီး ထွက်လာသည်။
ဘောလုံးဆက်သည့် ကိစ္စတော့ပြီးစီးလေပြီ . . ။ တောင်ကြီးမြို့ပတ်ပြီး အသင်းအတွက် လိုအပ်တာ တစ်ချို့ ဝယ်ရန် ဦးနီ စီစဉ်လေတော့သည်။ ဝယ်စရာ ရှိတာများ ၀ယ်ပြီး အပြန်တွင် နတ်ကွန်း ရှေ့က ဖြတ်ပြန်သည်။ နတ်ကွန်းရှေ့ရောက်တော့ မိမိဘောလုံးလေးကို ကားပေါ်မှ လမ်းကြည့်လိုက်သေးသည်။
ခခွေးအသင်း ဘောလုံးမှာ မူလနေရာတွင် မရှိတော့ပါ။ မန်နေဂျာ ဦးနီ အတော်တင်းသွားလေပြီ၊ ကကြီးအသင်း၏ ဘောလုံးက အပေါ်ရောက်နေပြီး ဦးနီတို့ အသင်းဘောလုံးက အောက်ရောက်နေသည်။ နတ်ကွန်းစောင့်ကြီးကို ၀င်မေးတော့ ကကြီးအသင်း မန်နေဂျာ ဦးညို ကြီးက အလှူငွေ ထပ်ထည့်ပြီး ကကြီးအသင်း ဘောလုံးကို အပေါ်တင်သွားခြင်း ဖြစ်သည်။
ခခွေး အသင်း မန်နေဂျာ ဦးနီကလည်း မခေပေ။ နတ်ကွန်းကို အလှူငွေ နှစ်ဆ ထပ်လှူ၍ ခခွေးအသင်း လှူထားသည့် ဘောလုံးကို အပေါ်တင် ပေးရန် နတ်ကွန်းစောင့်ကြီးကို ပြောသည်။ နတ်ကွန်း စောင့်ကြီးကလည်း ကကြီးအသင်း ဘောလုံးကို အောက်ချ၍ ခခွေး အသင်းဘောလုံးကို အပေါ် ပြန်တင်ပေးပြန်သည်။ ထိုအခါမှ တည်းခိုရာ ရိပ်သာသို့ မန်နေဂျာ ဦးနီ ပြန်လာခဲ့သည်။
ညနေရောက်တော့ ဒေသခံ ကောင်လေးက ဦးနီကို . . . .
“ဆရာတွေ့တယ် မဟုတ်လား၊ ဒီနတ်ကွန်းက ဆုတောင်းပြည့်တယ် နာမည်ကြီးတယ်။ ဒါကြောင့် ကကြီးအသင်းလည်း ဒါကိုသိလို့ ဘောလုံး လာဆက်တာ”
မန်နေဂျာ ဦးနီ၏ စိတ်တွင် နတ်ကွန်းမှ ဘောလုံး ဆီသို့ ပြန်ရောက်သွားသည်။ ငါ့ဆက်ထားသည့် ဘောလုံး နေ့လည်ကလို အောက်ပြန်ရောက်နေမလား ဟု တွေးနေမိသည်။ နယ်ခံကောင်လေးကိုခေါ်ပြီး ဆိုင်ကယ်နှင့် နတ်ကွန်းရှိရာသို့ ထွက်လာခဲ့သည်။
ဦးနီ ထင်သည့် အတိုင်းပင် . . .၊ ခခွေးအသင်း ဆက်ထားသည့် ဘောလုံး အောက်ပြန်ရောက်နေပြန်သည်။ ဒီတစ်ခါတွင်လည်း ကကြီးအသင်း မန်နေဂျာ ဦးညိုကြီးက အလှူငွေ ထပ်တိုးပေး၍ သူတို့ ဘောလုံးကို အပေါ်တင်ခိုင်းခြင်း ဖြစ်ပေသည်။ ဦးနီလည်း မခံနိုင်သည့် အဆုံး အလှူငွေ ထပ်ပေး၍ ခခွေး ဘောလုံးကို အပေါ် တင်ပေးခိုင်းပြီး ပြန်လာခဲ့သည်။
နောက်နေ့ ညနေတွင် ကကြီးအသင်း နှင့် ခခွေး အသင်းတို့ ဘောလုံးပွဲ ယှဉ်ပြိုင် ကစားလေသည် . . အကြိတ်အနယ် ယှဉ်ပြိုင် ကစားရင်း ကကြီးအသင်းက ခခွေးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရသွား လေသည်။
ရန်ကုန် အပြန်တွင် နတ်ကွန်းရှေ့က ဖြတ်ပြန်ခဲ့သည်။ နောက်နေ့တွင် ကကြီးအသင်း မန်နေဂျာ ဦးညိုကြီးက ကကြီးအသင်း လှူထားသည့် ဘောလုံးကို အပေါ် ပြန်လာတင်သေးလား မသိပါ။ ခခွေး အသင်း မန်နေဂျာ ဦးနီကတော့ နတ်ကွန်းဝင်ပြီး မမေးခဲ့ပါ။ အကယ်၍ စာရေးသူသာဆိုလျှင် ၀င်မေးမိပါလိမ့်မည်။
မင်းဝေကို ရေးသားသည်။
မှတ်ချက်။ ။ အထက်ပါ ဇတ်လမ်းမှာ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး စာဖတ်ကောင်းစေရန် ဇတ်လမ်း၊ ဇတ်ကွက်များ လုပ်၍ ဖန်တီးထားခြင်း ဖြစ်ပါသည်။ မိမိ အနေဖြင့် ကိုးကွယ်ရာ ကိုသော်လည်းကောင်း၊ ယုံကြည်ရာ ကိုသော်လည်းကောင်း ထိခိုက်စေရန် မရည်ရွယ်ပဲ။ ဘောလုံးလောကတွင် ဖြစ်ခဲ့သည့် ကန့်လန့်ကာ နောက်ကွယ်မှ ပေါ့ပေါ့ပါးပါး အမှတ်တရ များကိုသာ ပရိသတ်များ သိစေရန် ရေးသားခြင်း ဖြစ်ပါသည်။
Next : တံကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ချို့ အဂူရိုလွဲချော်ဖွယ်ရှိနေ