လီဗာပူးနည်းပြသစ် ယာဂင်ကလော့ပ်ရဲ့ ပထမဆုံးအင်တာဗျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491957416
ယနေ့ပြုလုပ်ခဲ့သည့် နည်းပြသစ်မိတ်ဆက်သတင်းစာရှင်းလင်းပွဲမှ ယာဂင်ကလော့ပ်

လီဗာပူးနည်းပြသစ်အဖြစ် ယာဂင်ကလော့ပ်ဟာ ဒီရာထူးကို သူဘာကြောင့်လက်ခံခဲ့လဲဆိုတာ ပထမဆုံးထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် နည်းပြသစ်ဟာ မနေ့က ညနေပိုင်းမှာ ဂျာမနီကနေ လေကြောင်းနဲ့ရောက်ရှိလာပြီး ၃ နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ကလော့ပ်ကို ဒီနေ့မှာ လီဗာပူးက မီဒီယာတွေနဲ့ ပထမဆုံးမိတ်ဆက်ပေးပေမယ့် အဲဒီမတိုင်ခင်မှာ လီဗာပူးအသင်းပိုင်ရုပ်သံလိုင်းက သူ့ကိုပထမဆုံးအင်တာဗျူးလုပ်ခွင့် ရရှိခဲ့ပါတယ်။

ကလော့ပ်ကို အသင်းပိုင်ရုပ်သံက အမေးအဖြေလုပ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး – ဘယ်လိုခံစားရလဲ။
ဖြေ – ၀မ်းသာတယ်။ တခြားပြောစရာစကားတော့ မရှိဘူး။ ဂျာမနီမှာဖြစ်နေတာတွေ၊ ဒီကိုရောက်တော့ ဒီမှာဖြစ်နေတာတွေကို မြင်ရတော့ တကယ်အံ့သြမိတယ်။ ဒီကိုရောက်လာရတာ တကယ်ဝမ်းသာပါတယ်။ ကျွန်တော့်ဘ၀အတွက် အကောင်းဆုံးအချိန်လို့ ပြောရမှာပေါ့။ ကျွန်တော့်သားတစ်ယောက် အိမ်မှာကျန်ခဲ့ပေမယ့် မိသားစုလည်း ပါလာတော့ စိတ်ကူးထားတဲ့အတိုင်း တကယ်ဖြစ်လာသလိုပါပဲ။

မေး – လီဗာပူးကို ဘာလို့ရွေးချယ်ခဲ့တာလဲ။
ဖြေ – အားလုံးကြောင့်ပဲလေ။ ကျွန်တော်ပြန်ကြားရတာတွေ၊ ဖတ်ရတာတွေ၊ မြင်ရ၊ ခံစားရတာတွေကြောင့်ပဲ။ ဒီအသင်းပွဲတွေ အများကြီးမကြည့်ဖူးပေမယ့် အရေးပါတဲ့ပွဲတွေ ကြည့်ခဲ့ရတယ်။ ကျွန်တော်က ဘောလုံးအားကစားကိုချစ်တယ်။ လီဗာပူးကဘောလုံးအသင်းရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေက ကျွန်တော့်အတွက် အရမ်းကောင်းတယ်လေ။ ကျွန်တော်က အင်္ဂလန်ဘောလုံးလောကနဲ့ ဘောလုံးအပေါ်စိတ်ပြင်းပြမှုကြောင့် ဒီနိုင်ငံဘောလုံးလောကထဲ ပါချင်ခဲ့တာ အရင်ကတည်းကပဲ။ လီဗာပူးကတော့ ပထမဦးစားပေးပေါ့။ အခုတော့ ဒီမှာအလုပ်လုပ်ခွင့်ရသွားပြီ။ အကောင်းဆုံးစိတ်ကူး တကယ်ဖြစ်လာတာပေါ့ဗျာ။

မေး – ဘာစဉ်းစားခဲ့ရလဲ။ ဒါမှမဟုတ် ဆုံးဖြတ်ရလွယ်ခဲ့ရဲ့လား။
ဖြေ – အခက်ခဲဆုံးဆုံးဖြတ်ချက်တော့ မဟုတ်ဘူး။ ဒေါ့မွန်နဲ့ လွန်ခဲ့တဲ့ ၄ လက လမ်းခွဲခဲ့တယ်။ ရှေ့လျှောက်ဘာလုပ်ရမလဲ တွေးခဲ့တယ်။ ကိုယ့်ဘ၀တိုးတက်အောင် လုပ်ရမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကအကြောင်းတွေ ပြန်တွေးဖြစ်တယ်။ ပြီးတော့ ၄ လ နားတယ်။ ဒီလောက်ဆို လုံလောက်ပြီလေ။ ပျော်ဖို့ကောင်းပေမယ့် တော်လောက်ပြီပေါ့။ အသင်းပိုင်ရှင်တွေက အိပ်မက်တစ်ခုရှိတယ်။ ကျွန်တော့်မှာလည်း ရှိတယ်။ ဒီတော့ ကျွန်တော့်ကို ဒီရာထူးယူဖိုပ သူတို့သိပ်မပြောလိုက်ရဘူးပေါ့။

မေး – ဘောလုံးလောကနေ ခဏအနားယူဖို့ ဆုံးဖြတ်ခဲ့တယ်နော်။ အဲဒီအချိန်မှာ ဘာတွေရခဲ့လဲ။
ဖြေ – အများကြီးပဲ။ ၄ ပတ်နေတော့ အားလပ်ရက်စတယ်။ ပထမ ၄ ပတ်အတွင်း အရင်အတိုင်းပဲ။ ၁၅ နှစ်ဆက်တိုက် နည်းပြလုပ်ခဲ့တော့ ပင်ပန်းနေတာပေါ့။ ရာသီတစ်ခုရဲ့ နောက်ဆုံးရက်မတိုင်ခင်အထိလိုပဲ အမြဲခံစားခဲ့ရတယ်။ တစ်ရာသီအတွင်း ကျွန်တော်က ၃၄ပွဲ ကနေ ၃၈ ပွဲလောက်အထိ တွေ့နေရတဲ့လူဆိုတော့ ရာသီအဆုံးအထိ အမြဲကြိုးစားနေရတယ်လေ။ တကယ်ခက်တယ်ဗျ။ ဒါပေမဲ့ ကျွန်တော် နားခဲ့တယ်။ ဘောလုံးအကြောင်းပဲ သိတဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့တယ်။ အမှန်တော့ တခြားစိတ်ဝင်စားစရာတွေလည်း ကျွန်တော်ရနိုင်တယ်လေ။ အရမ်းတော်ပြီး ထက်မြက်တဲ့လူတွေနဲ့ ဘောလုံးအကြောင်း၊ အစားအသောက်အကြောင်း၊ တခြားအကြောင်းတွေ အများကြီးပြောဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကိုစိတ်ဝင်စားတဲ့တစ်ယောက်ယောက် ခေါ်မယ်ဆိုတာသိလို့ ပြင်ဆင်ထားခဲ့တယ်။ အခုတော့ တကယ်ကို အေးဆေးသွားပါပြီ။ ၁၅ နှစ်ကြာပြီးတဲ့နောက်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒေါ့မွန်မှာ အရမ်းပျော်ဖို့ကောင်းတဲ့ ၆ နှစ်နဲ့ ခက်ခဲတဲ့ နောက်ဆုံး ၁ နှစ် ဖြတ်သန်းခဲ့ပေမယ့် ရခဲ့တဲ့အကျိုးအမြတ်တွေက အားရစရာပါ။ ဒါပေမဲ့ ကျွန်တော်က အသစ်လိုချင်တဲ့သူဆိုတော့ ဒီရောက်လာပြီလေ။

မေး – အန်ဖီးလ်အကြောင်းပြောကြရအောင်။ ဒီအသင်းမှာ နည်းပြအဖြစ်နဲ့ ပရိသတ်တွေဆီက ဘယ်လောက်အထိ ပြန်ရမယ်လို့ မျှော်လင့်ထားလဲ။
ဖြေ – အဲဒါကို အင်္ဂလိပ်လို ရေရေလည်လည် မပြောပြတတ်ဘူး။ လောလောဆယ်မဟုတ်ပမေယ့် သိပ်မကြာခင်မှာ ကျွန်တော့်ကို ဒီမေးခွန်းထပ်မေးတာ ကြုံရဦးမှာပဲလေ။ ဒါပေမဲ့ ကျွန်တော် တော်တော်ရင်ခုန်ပါတယ်။ ကျွန်တော်မြင်ချင်တယ်၊ ခံစားချင်တယ်၊ အားလုံးလုပ်ပေးချင်တယ်။ ဒီကို လွန်ခဲ့တဲ့ ၁ နှစ်က ဒေါ့မွန်နဲ့ရောက်ခဲ့တုန်းက အရမ်းရင်ခုန်ခဲ့ရတယ်။ ဧည့်သည်အသင်းအ၀တ်လဲခန်းထဲ ရောက်ခဲ့တယ်။ အဲဒီတုန်းက တွေးခဲ့မိတာက ဒီလိုပုံစံမျိုး ငါရချင်လားဆိုတာပဲ။ ကျွန်တော့်အတွက်တော့ အဲဒီအခိုက်အတန့်က သမိုင်းဝင်ပဲ။ ဒီနေရာက ခမ်းနားတယ်။ ဘောလုံးအသင်းတွေနဲ့ ကမ္ဘာအနှံ့ ကျွန်တော်ရောက်ဖူးတယ်။ ဒါပေမဲ့ ဒီနေရာကတော့ အထူးခြားဆုံးနေရာပဲ။ ဒေါ့မွန်ကွင်းလည်း ခမ်းနားတယ်။ မိန့်ဇ်အသင်းကွင်းကလည်း လှတယ်။ ဒါပေမဲ့ အန်ဖီးလ်ကတော့ သမိုင်းဝင်နေရာလေ။ အဲဒါကို ကျွန်တော်ရင်ခုန်တယ်။ အခုလောလောဆယ် ဘယ်လိုခံစားနေရလဲ မပြောတတ်ဘူး။ ဒါပေမဲ့ ၀မ်းသာတယ်။

မေး – အိမ်ကွင်းအ၀တ်လဲခန်းထဲဝင်ရမှာ အရမ်းမိုက်မယ်ပေါ့။
ဖြေ – ဒါပေါ့ဗျာ။ သေချာတာပေါ့။

မေး – ပရိသတ်တွေနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိဖို့ ဖန်တီးဖို့က ခင်ဗျားအတွက် ဘယ်လောက်အရေးပါလဲ။
ဖြေ – ဘောလုံးအကြောင်း ကျွန်တော်နားလည်တယ်။ ဘောလုံးကို လူတွေစိတ်မ၀င်စားရင် ပန်းခြံထဲမှာပဲ တိုင်စိုက်ပြီး ဘောလုံးကန်ကြမှာပေါ့။ ဒီကစားနည်းက ပြည့်စုံတယ်။ တူညီတယ်။ အဲဒါကလည်း ပရိသတ်တွေကြောင့် ပညာသည်ဆန်တဲ့ကစားနည်းဖြစ်နေလို့လေ။ ကျွန်တော်သိတာ၊ တွေးမိတာ၊ ခံစားမိတာ အဲဒါပဲ။ ပရိသတ်တွေကို ရသပေးရမယ်။ သူတို့ ပိုပျော်အောင် လုပ်ပေးရမယ်။ ဘောလုံးပွဲက အသက်ကယ်တာ မဟုတ်သလို ကျွန်တော်တို့ကလည်း ဆရာဝန်မဟုတ်ဘူး။ အဲဒီတော့ ပရိသတ်ပျော်အောင်ပဲ လုပ်ပေးရမယ်။ ဘောလုံးပွဲတစ်ပွဲအတွင်းမှာ သူတို့ပြဿနာတွေ မေ့ထားလို့ရအောင်၊ နောက်ဆုံးပွဲအကြောင်းကို ၃ ရက်လောက် ပြောဖြစ်နေအောင်၊ နောက်ကစားမယ့်ပွဲအကြောင်း ၂ ရက်လောက် ပြောဖြစ်နေအောင် လုပ်ပေးရမယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ ရှင်သန်ချင်တယ်။ နည်းပြမဖြစ်ခဲ့ရင် ကျွန်တော့်ဘ၀က အဲဒီလိုပဲ ဖြစ်မှာလေ။ ကျွန်တော်က ဘောလုံးကို အဲဒီလောက်ထိ ချစ်တာပါ။ အဲဒါကြောင့် ပရိသတ်တွေရဲ့ခံစားချက်နဲ့ နီးစပ်အောင် အကောင်းဆုံးကြိုးစားတယ်။ ဒါပေမဲ့ ရာထူးကြောင့် ထပ်တူခံစားမှုတော့ မရဘူးပေါ့။ အလုပ်လုပ်ရမယ်။ အလုပ်လုပ်ချိန်လိုတယ်။ ပရိသတ်လိုချင်သလို အမြဲမဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားမယ်။

မေး – ဒါပေမဲ့ ပရိသတ်တစ်ယောက်ရဲ့ခံစားချက်ကို နားလည်တယ်ပေါ့။
ဖြေ – အမြဲတမ်းနားလည်တယ်။ သောကြာနေ့ကျရင် ကွင်းထဲက နေရာအနှံ့ကို ကျွန်တော်သွားမယ်။ တစ်ယောက်ယောက်က ပြောပြရင် ပြောပြမှာပေါ့။ ဒီနေရာမှာ ဒီလိုဖြစ်ခဲ့တယ်။ ဟိုနေရာမှာ ဟိုလိုဖြစ်ခဲ့တယ်။ ဒီနေရာကနေ ဂျရတ်ကန်ခဲ့တာလေ။ ဖောင်လာကန်ခဲ့တာလေ ဆိုတာတွေပေါ့။ အရမ်းမိုက်မှာပဲဗျာ။

မေး – လီဗာပူးနည်းပြဖြစ်ပြီဆိုတော့ ကြိုက်တဲ့နေရာ သွားလို့ရပြီလေ။
ဖြေ – ဟုတ်တယ်။ အဲဒါအမိုက်ဆုံးပဲ။ ဒါပေမဲ့ ဘောလုံးပွဲကန်နေတုန်းတော့ မရဘူးလေ။ ဒီမှာက အရန်ခုံတန်း ၂ ခုက နီးလွန်းနေတော့ ဆိုးတယ်ဗျာ။ ဂျာမနီမှာလို မဟုတ်တော့ တခြားနည်းပြတွေကို တိုက်မိမှာစိုးရတယ်။ ကျွန်တော်က ပွဲကန်နေတုန်းဆို အရမ်းစိတ်လှုပ်ရှားတတ်တဲ့ သူလေ။

မေး – အင်္ဂလန်ကစားဟန်ကို အသားကျသွားမယ်ထင်လား။ အသားကျအောင် ဘယ်လိုလုပ်ရမယ်ထင်လဲ။
ဖြေ – အသားကျသွားမှာပါ။ လုပ်တော့ လုပ်ယူရမှာပေါ့။ လောလောဆယ်တော့ အဲဒီအကြောင်း မတွေးသေးဘူး။ ဒါက ဘောလုံးလောကလေ။ အင်္ဂလန်ကစားဟန်အကြောင်း ကျွန်တော်သိတယ်။ အများကြီးကြည့်ဖူးတယ်။ အင်္ဂလန်အသင်းတွေနဲ့ ရင်ဆိုင်ဖူးတယ်။ တချို့ဟာတွေ မတူပေမယ့် အရေးမကြီးသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒါက ဘောလုံးကစားနည်းလေ။ စည်းကမ်းတွေတူတယ်။ ကွင်းအရွယ်အစားတွေတူတယ်။ အဲဒါတွေကိုတော့ မမေ့နဲ့ဦးလေ။ ဒီတော့ သိပ်မခက်ပါဘူး။ ကျွန်တော့်အတွေ့အကြုံက နားထောင်တယ်၊ ကြည့်တယ်၊ ခံစားတယ်၊ ပြီးရင် ပြောင်းလဲဖို့ စဉ်းစားတယ်။ လောလောဆယ် ၃ ခုလုပ်ရမယ်။ ပြီးရင် ပြောင်းလဲရမလား၊ အသားကျအောင်လုပ်ရမလား၊ ဘာလုပ်ရမလဲဆိုတာ တွေးရမယ်။ ဘောလုံးလောကထဲ ကျွန်တော်ရောက်နေတာ ကြာပြီ။ ကိုယ်တိုင်ကစားဖူးတယ်။ နည်းပြလုပ်နေတယ်။ ခက်ခဲအောင် မလုပ်ချင်ဘူး။ ကစားသမားက ကိုယ်ဘာဖြစ်ချင်လဲဆိုတာ နားလည်ဖို့ အရမ်းအရေးကြီးတယ်။ ဒါက ကစားပွဲလေ။ ဒီနေရာကနေ(နှလုံးနေရာအား ညွှန်ပြလျက်) ကစားရမယ်။ ဒါနဲ့ (ခေါင်းကို ညွှန်ပြလျက်) မကစားရဘူး။ အဲဒါက အကောင်းဆုံးပဲ။ အဲဒါကြောင့်ပဲ ကျွန်တော်က ဘောလုံးကောင်းကောင်းကန်နိုင်ခဲ့တာလေ။

မေး – ဒေါ့မွန်မှာကြုံခဲ့ရသလို လီဗာပူးမှာ ကြုံရနိုင်တဲ့စိန်ခေါ်မှုက ဘာတွေလဲ။
ဖြေ – ကမ္ဘာ့ဘောလုံးလောကမှာ ဒီရာထူးက လောလောဆယ်တော့ အခက်ခဲဆုံးစိန်ခေါ်မှု ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က အလွယ်လမ်းလိုက်ခဲ့တဲ့သူ မဟုတ်ခဲ့ဘူး။ အလွယ်လမ်းလိုက်တာကိုလည်း စိတ်မ၀င်စားဘူး။ ဒီရာထူးက ကမ္ဘာ့ဘောလုံးလောကမှာ စိတ်ဝင်စားစရာအကောင်းဆုံး ဘာလို့လဲဆိုတော့ မဆိုးလို့လေ။ ကျွန်တော်က လုံးဝထူးခြားတယ်။ ဘာလို့လဲဆိုတော့ ဂျာမနီကလာတဲ့သူဆိုတော့ အားလုံးက အသစ်ပဲလေ။ ဒီဂျာမန်ကြီး ဘာဖြစ်ချင်လဲဆိုတာကို နားလည်အောင် အာရုံစိုက်ရမယ်။ ကျွန်တော့်ဘက်ကတော့ နားထောင်ပေးရမယ်။ အဲဒီနည်းက ကော်ငးတယ်။ နောက်ဆုံးကျရင် အလုပ်စမယ်။ အဲဒီတော့မှ ကြည့်ကြရမယ်။ ကျွန်တော်လိုချင်တာကို သိပေမယ့် မပြောချင်ဘူး။ ပထမဆုံး ကစားသမားတွေနဲ့ စကားပြောရမယ်။ တူညီမှုတွေရှာရမယ်။ တစ်ခါတလေ ကျွန်တော်ပြောပြတဲ့ကိစ္စကို သူတို့ဘာဖြစ်ချင်လဲဆိုတာ နားထောင်ရမယ်။ သူတို့က ကျွန်တော့်အတွက် မိတ်ဆွေကောင်းတွေဖြစ်နိုင်တယ်။ ကျွန်တော်က အရမ်းသစ္စာရှိတော့ ကျွန်တော့်မိတ်ဆွေဖြစ်ရတာ သူတို့အတွက် မဆိုးပါဘူးဗျာ။

မေး –  လီဗာပူးရဲ့ လက်ရှိလူစာရင်းကို ဘယ်လိုထင်လဲ။
ဖြေ – ကောင်းတယ်။ ကောင်းတယ်။ အလားအလာရှိတဲ့အသင်းဖြစ်နေလို့ ကျွန်တော်ရောက်လာတာပေါ့။ လီဗာပူးကို ကျွန်တော့်ကိုဆက်သွယ်တော့ အသင်းကို ကြည့်လိုက်ပြီး မဖြစ်ဘူး မဖြစ်ဘူး ဒီအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်ဘူးလို့ မတွေးမိပါဘူးဗျာ။ ချက်ချင်းကြီး ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ဖို့ ဘယ်သူဆန္ဒရှိလဲ။ မနက်ဖြန် ဒါမှမဟုတ် နောက်မှပဲ ဖြစ်ချင်တယ်ဗျာ။ လီဗာပူးကလပ်ရဲ့အပြင်လူအနေနဲ့ ကျွန်တော်မြင်သလောက် ကောင်းတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ လျင်မြန်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ ဗျူဟာပိုင်းကျွမ်းကျင်မှုတွေရှိတယ်။ ခံစစ်သမားကောင်းတွေ၊ ကွင်းလယ်သမားကောင်းတွေ၊ တိုက်စစ်မှူးကောင်းတွေရှိတယ်။ စပါးနဲ့ပွဲမှာ ဘယ်သူက ပွဲထွက်ကစားနိုင်မလဲကြည့်ရမယ်။ ပြီးရင် လူရွေးမယ် ပွဲကန်မယ်။ ကျွန်တော်က စိတ်ကူးယဉ်သမားမဟုတ်ဘူး။ ရော်နယ်ဒို၊ မက်ဆီတို့လို ကစားသမားတွေကို တစ်သင်းတည်းမှာ ရှိမနေစေချင်ဘူး။ လက်ရှိအသင်းသားတွေကြောင့် ဒီရာထူးကို ကျွန်တော်ယူခဲ့တာပဲ။ အလုပ်စလုပ်လိုက်ကြတာပေါ့။

မေး – ဘယ်လိုကစားဟန်မျိုးကို မျှော်လင့်ထားရမလဲ။
ဖြေ – ခပ်ကြမ်းကြမ်းကစားဟန်ပေါ့။ (ရယ်လျက်) ကမ္ဘာ့အဆင့်အသင်းတွေက ဘောလုံးပိုင်ဆိုင်မှုကို အသားပေးတယ်။ ပထမအချက်က ခံစစ်တည်ငြိမ်ရမယ်။ ဒါမှပဲ ပြိုင်ဘက်အသင်းတိုက်စစ်ဆင်တိုင်း ဂိုးမပေးရဖို့ စိတ်ချရမှာလေ။ အရင်ဆုံးတော့ လီဗာပူးပရိသတ်တွေနဲ့ စကားပြောရမယ်။ သူတို့ ဘာမျှော်လင့်လဲဆိုတာပေါ့။ မျှော်လင့်ချက်တွေကလည်း တကယ့်ပြဿနာကြီးဖြစ်နိုင်တယ်လေ။ ကီလို ၂၀ လောက်လေးတဲ့ ကျောပိုးအိတ်ကို လွယ်ထားရသလိုပဲ။ အဲဒီလောက် အလေးချိန်နဲ့တော့ ကျွန်တော်တို့ မပြေးနိုင်ဘူး။ ပြောကြည့်ရမယ်။ တွေးကြည့်ရမယ်။ ပြီးရင် စလုပ်ရမယ်။

မေး – ခင်ဗျားဟန်နဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အချိန်အရမ်းလိုလား။
ဖြေ – ပန်းတိုင်ရောက်ဖို့ အချိန်အများကြီး လိုတာပေါ့ဗျာ။ စမှ မစရသေးတာ။ စပါးနဲ့ပွဲမှာ လီဗာပူးအသစ်စက်စက်ကိုတွေ့ရမယ်ဆိုပြီး ကတိပေးဖို့ ကျွန်တော်ရောက်လာတာမဟုတ်ဘူး။ ဒါပေမဲ့ လီဗာပူးအသစ်ရဲ့ တစ်စွန်းတစ်စတော့ မြင်ချင်မြင်ရမယ်။ အဲဒီလိုဖြစ်အောင် ကြိုးစားမယ်။ ဘ၀မှာ အားလုံးက အချိန်ယူရတာချည်းပဲ။

မေး – အသင်းရဲ့အပြောင်းအရွှေ့မူဝါဒနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ တော်တော်ပါတယ်။ အဲဒီအတွက် ဘယ်လိုတွေးထားလဲ။ အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးပြီးပြီလား။
ဖြေ – အဲဒီကိစ္စက တကယ်ထူးဆန်းတယ်။ ပိုင်ရှင်တွေနဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမှမရှိဘူး။ အဲဒီအကြောင်းလည်းပြောဖြစ်တယ်။ ထက်မြက်တဲ့၊ ပါးနပ်တဲ့ လူ ၂ ယောက် မျက်နှာချင်းဆိုင်တယ်။ ၂ ယောက်လုံး ဖြစ်ချင်တာက တူနေမှတော့ ဘာပြဿနာရှိမှာလဲ။ အောင်မြင်ချင်ကြတာချင်း တူတယ်လေ။ ကလပ်က မတတ်နိုင်တဲ့ငွေပမာဏကို ကျွန်တော်မသုံးဘူး။ ဆက်မနေချင်တဲ့ ကစားသမားကို ဆွဲမထားဘူး။ ကျွန်တော်ဆက်ထိန်းထားချင်တဲ့ ကစားသမားကို ဘယ်သူမှ ရောင်းမှာမဟုတ်ဘူး။ ကျွန်တော့်အတည်ပြုချက်မပါဘဲ အပြောင်းအရွှေ့ကိစ္စ ဘယ်သူမှ မလုပ်ဘူး။ အဲဒီတော့ အဆင်ပြေပြီလေ။ ဘာများထပ်လိုဦးမှာလဲ။

မေး – ခင်ဗျားရဲ့လက်ထောက်နည်းပြတွေ ခေါ်လာမှာလား။
ဖြေ – ခေါ်မှာပေါ့။ ဇီလီကိုနဲ့ ပီတာက အရမ်းတော်တဲ့သူတွေပဲ။

မေး – လီဗာပူးမှာ ရေတို၊ ရေရှည် မျှော်လင့်ထားတာက ဘာလဲ။
ဖြေ – အောင်မြင်မှုပဲ။ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါးတို့က ပရီးမီးယားလိဂ်ဖလားလိုချင်တယ်။ ကျွန်တော်တို့ကရော ဘာလို့မလိုချင်ရမှာလဲ။ လက်ရှိအခြေအနေကို အတူတကွပြောင်းလဲနိုင်တယ်ဆိုတာ အရေးအကြီးဆုံးအချက်ပဲ။ လောလောဆယ် လီဗာပူးမိသားစုက နည်းနည်းလန့်နေတယ်၊ နည်းနည်းအဆိုးမြင်နေတယ်၊ သံသယတော်တော်ဝင်နေတယ်။ ပွဲတိုင်းမှာ ကွင်းအနေအထားက ခမ်းနားတယ်။ ဒါပေမဲ့ လောလောဆယ်အချိန်ကို သူတို့မယုံကြည်ကြဘူး။ သူတို့က လွန်ခဲ့တဲ့ ၅ နှစ် ၂၀ နှစ် အနှစ် ၂၀ ကိုပဲ သတိရနေတယ်။ သမိုင်းခမ်းနားတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါက အမှတ်ရဖို့ပဲလေ။ ကျွန်တော်တို့ဖြစ်ချင်သလို သမိုင်းသစ်ရေးဖို့ ဖြစ်နိုင်ခြေရှိနေပြီပဲ။ ဒီတော့ နည်းနည်းရှင်းအောင် ပြောထားပါမယ်။ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လုပ်နိုင်ရင် လုပ်နိုင်မယ်။ အစွမ်းရှိသလောက် အောင်မြင်ချင်အောင်မြင်မယ်။ ကျွန်တော်ကတော့ ဒီနှစ်ဟာ လီဗာပူးသမိုင်းရဲ့ အခမ်းနားဆုံးနှစ် ဖြစ်ရမယ်လို့ ပြောမယ့်သူ မဟုတ်ဘူး။ ဖြစ်လာရင် အောင်ပွဲခံမယ်။ ဖြစ်မလာရင် ဆက်ကြိုးစားမယ်။

မေး – နောက်ဆုံးအနေနဲ့ ပရိသတ်တွေကို ဘာပြောချင်သေးလဲ။
ဖြေ – သံသယ၀င်တဲ့သူတွေကို ယုံကြည်သူတွေဖြစ်အောင် ပြောင်းလဲရမယ်။ အခုက စမယ်။

comments

error: Content is protected !!