ဆားဘီးယားအသင်းဘတ်စ်ကားအား အယ်လ်ဘေးနီးယားပရိသတ်များ တိုက်ခိုက်
|
အယ်လ်ဘေးနီးယားနိုင်ငံသို့ ယူရို-၂၀၁၆ခြေစစ်ပွဲယှဉ်ပြိုင်ကစားရန် ရောက်ရှိနေသည့် ဆားဘီးယားလက်ရွေးစင်အသင်းသားများမှာ ပြိုင်ဘက်အသင်းပရိသတ်များ၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ဆားဘီးယားအသင်းက သတင်းထုတ်ပြန်ခဲ့သည်။
အယ်လ်ဘေးနီးယားအစွန်းရောက်ပရိသတ်များသည် ဆားဘီးယားအသင်းဘတ်စ်ကားကို အရာဝတ္ထုများ၊ ခဲများဖြင့် ပစ်ပေါက်ခံခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးအကူအညီပေးခဲ့ရကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ပထမအကျော့ပွဲစဉ်အဖြစ် ဆားဘီးယားနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့စဉ်က ကွင်းအတွင်းသို့ အယ်လ်ဘေးနီးယားအလံချိတ်ဆွဲထားသည့် မောင်းသူမဲ့လေယာဉ်ဝင်ရောက်လာခဲ့သည့်အတွက် နှစ်ဖက်အသင်းသားများ အချင်းများခဲ့ပြီး ပရိသတ်များအချင်းချင်းလည်း ပဋိပက္ခများဖြစ်ပွားခဲ့သည်။
ယင်းအတွက်ကြောင့် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က ဒုတိယအကျော့ပွဲစဉ်အတွက် ရဲတပ်ဖွဲ့ဝင် ၁၅၀၀ အထိ အင်အားတိုးမြှင့်ချထားခဲ့ပြီး လုံခြုံရေးတိုးမြှင့်ထားခဲ့သည်။
အစောပိုင်းသတင်းများအရ အယ်လ်ဘေးနီးယားပရိသတ်များသည် ဆားဘီးယားအသင်းအား တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပြီး ပွဲစဉ်အား လက်ခံကျင်းပမည့်ကွင်းအနီးတွင် သေနတ်ကိုင် ပရိသတ် ၃ ဦးအား ရဲတပ်ဖွဲ့က အချိန်မီထိန်းသိမ်းခဲ့ရကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။
“၂ နိုင်ငံအကြားတင်းမာမှု၊ မကျေနပ်မှု၊ အငြင်းပွားမှုတွေကို နားလည်လက်ခံထားပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတစ်ခုမှာ ဒီလိုမျိုး နိုင်ငံရေးနဲ့ဆက်နွယ်တဲ့လုပ်ရပ်တွေ မဖြစ်သင့်တာအမှန်ပါ။ ဘောလုံးပွဲဆိုတာက နိုင်ငံရေးသမားတွေစိတ်တိုင်းကျ ခြယ်လှယ်ရမယ့် ကစားပွဲမဟုတ်ပါဘူး” ဟု ဆားဘီးယားအသင်းခေါင်းဆောင် အိုင်ဗန်နိုဗစ်က ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သတင်းအတိအကျထုတ်ပြန်ခြင်း မရှိသေးသော်လည်း အယ်လ်ဘေးနီးယားပရိသတ်များ၏ ခဲ၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခံခဲ့ရသည့်အပေါ် ရှုတ်ချကြောင်း ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
Next : နည်းပြကွန်တီအား စာချုပ်သက်တမ်းတိုးရန် အီတလီစီစဉ်နေ