နည်းပြကွန်တီအား စာချုပ်သက်တမ်းတိုးရန် အီတလီစီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491782310
အီတလီလေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ကွန်တီ

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ယူရို-၂၀၁၆ ပြိုင်ပွဲအပြီး တွင်စာချုပ်သက်တမ်းကုန်ဆုံးမည့် လက်ရွေးစင်အသင်းနည်းပြ ကွန်တီအား စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဗက်ချီယိုက ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၄ ကမ္ဘာ့ဖလားအပြီးတွင် အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့သည့် နည်းပြကွန်တီမှာ ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်များတွင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်သည့်အတွက် တာဝန်ရှိသူများက စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

“နည်းပြကွန်တီအနေနဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။ ယူရိုခြေစစ်ပွဲစဉ်တွေမှာ ကျေနပ်လောက်တဲ့ရလဒ်တွေ ယူပေးခဲ့တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပေးနိုင်ခဲ့မယ်ဆိုရင် နည်းပြကွန်တီနဲ့ ဆက်လက်လက်တွဲဖို့ သေချာသလောက်ဖြစ်လာမှာပါ” ဟု အီတလီဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌက ဆိုခဲ့သည်။

နည်းပြကွန်တီသည် အီတလီအသင်းအား စတင်တာဝန်ယူကိုင်တွယ်ခဲ့သည့် ပထမဦးဆုံးပွဲစဉ်တွင် နယ်သာလန်အသင်းအား ခြေစမ်းပွဲ၌အနိုင်ရရှိခဲ့ပြီးနောက် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်များအပါအ၀င် ၇ ပွဲနိုင် ၄ ပွဲသရေရလဒ် ရယူထားနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းနှင့် ခြေစမ်းပွဲစဉ် ၁ ပွဲတည်းသာ အရေးနိမ့်ထားခဲ့သည်။

ထို့အပြင် ၎င်းအနေဖြင့် ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်တွင်လည်း ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ် ၂ ပွဲကျန်ရှိနေသေးချိန်၌ ခြေစစ်ပွဲအောင်မြင်ရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီဖြစ်သည်။

comments

error: Content is protected !!