ချီလီနှင့်ရင်ဆိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရုန်းကန်ရဖွယ်ရှိနေကြောင်း ဘရာဇီးနည်းပြ၀န်ခံ
|
ဘရာဇီးနည်းပြဒွန်ဂါက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် ချီလီနှင့်ပွဲစဉ်တွင် အခက်အခဲများနှင့် ရုန်းကန်ရနိုင်ကြောင်း၊ အဓိကတိုက်စစ်မှူးနေမာ မပါဝင်နိုင်သည့်အတွက် ရလဒ်ကောင်းရရှိရန် ဖိအားအချို့ရှိနေကြောင်း ၀န်ခံပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် နေမာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ် ၂ ပွဲအား လွဲချော်မည်ဖြစ်သည့်အပြင် ကော်တင်ညိုကိုပါ ထပ်မံဆုံးရှုံးရမည့်အခြေအနေများကြောင့် နည်းပြဒွန်ဂါအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
“အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရဖို့အတွက် ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ အဓိကကစားသမားတချို့ မပါဝင်နိုင်တဲ့အချိန်မှာ ကိုပါအမေရိကချန်ပီယံအသင်းကို အနိုင်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဖိအားအနည်းငယ်ရှိနေတာကို ၀န်ခံသလို နေမာရဲ့နေရာမှာအစားထိုးဖို့ အခက်အခဲတွေရှိနေတာအမှန်ပါ” ဟု နည်းပြဒွန်ဂါက ဆိုခဲ့သည်။
၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် ဘရာဇီးအသင်းသည် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၉ ရက်တွင် ချီလီနှင့်လည်းကောင်း၊ အောက်တိုဘာ ၁၄ တွင် ဗင်နီဇွဲလားနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Next : ချဲလ်ဆီးတွင် ဟာဇက်ပွဲထွက်ခွင့်နည်းပါးခြင်းက ဘယ်လ်ဂျီယံအတွက် အကျိုးဖြစ်စေသည်ဟု ဖခင်ဖြစ်သူပြောကြား