ဆားဘီးယားနှင့်ကစားမည့်ကွင်းအနီး လက်နက်ကိုင်ဆောင်ထားသည့် အိမ်ရှင်ပရိသတ် ၃ ဦး အား ရဲတပ်ဖွဲ့က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
2500
ပထမအကျော့က ပြဿနာစတင်ဖြစ်ပွားစေခဲ့သည့် ပုံရိပ်

ယူရို-၂၀၁၆ ခြေစစ်ပွဲစဉ်အတွက် လုံခြုံရေးအင်အားပိုမိုတင်းကျပ်ထားသည့် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့က ပြိုင်ပွဲကျင်းပမည့် အယ်လ်ဘာဆန်ကွင်းအနီးတွင် သေနတ်ကိုင်ဆောင်ထားသည့် အယ်လ်ဘေးနီးယား ပရိသတ် ၃ ဦးအား အချိန်မီဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

ပထမအကျော့ပွဲစဉ်အဖြစ် ဆားဘီးယားကွင်းတွင် ကျင်းပခဲ့စဉ်က ကွင်းအတွင်းသို့ အယ်လ်ဘေးနီးယားနိုင်ငံအလံ ချိတ်ဆွဲထားသည့် မောင်းသူမဲ့လေယာဉ်ဝင်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက်အသင်းသားများ အချင်းများခဲ့ပြီး ပွဲပျက်ခဲ့ကာ ပရိသတ်များမှာလည်း ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့သည့်အတွက် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးပိုမိုတင်းကျပ်ထားချိန်၌ ယခုကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပစ္စတိုသေနတ် ၂ လက်နှင့် အခြားလက်နက်များ ၀ှက်ယူလာသည့် ပရိသတ် ၃ ဦးကို ခေါ်ယူထိန်းသိမ်းခဲ့ရကြောင်း၊ နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုများကြောင့် ကစားကွင်းအတွင်း ပဋိပက္ခများထပ်မံမဖြစ်ရန်အတွက် လုံခြုံရေးအစီအစဉ်များအား ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာ ၉ ရက်တွင်ယှဉ်ပြိုင်မည့် ယင်းပွဲစဉ်အတွက် အယ်လ်ဘေးနီးယားအစိုးရတာဝန်ရှိသူများက နိုင်ငံတော်အဆင့် လုံခြုံရေးတင်းကျပ်မှုများပြုလုပ်ရန် စီစဉ်ထားပြီး ပွဲစဉ်ကျင်းပမည့် အယ်လ်ဘာဆန်ကွင်း၌ ရဲတပ်ဖွဲ့ဝင် ၁၅၀၀ အထိ လုံခြုံရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆက်တွဲသိရှိရသောသတင်းအရ ပထမအကျော့ပွဲစဉ်က ကွင်းတွင်းသို့ မောင်းသူမဲ့လေယာဉ် မောင်းနှင်ပျံသန်းခဲ့သူဟု ယူဆရသူအား ဖမ်းဆီးရမိပြီဟုလည်း သိရသည်။

၎င်းမှာ အယ်လ်ဘေးနီးယားနိုင်ငံသားဖြစ်သော်လည်း အီတလီနိုင်ငံတွင်နေထိုင်ပြီး လက်ရွေးစင်အသင်း အဝေးကွင်းပွဲစဉ်များကို ပုံမှန်အားပေးသူဖြစ်ကြောင်းသိရကာ ဒုတိယအကျော့မတိုင်မီ လုံခြုံရေးအတွက် စစ်ဆင်ရေးတစ်ခုတွင် ရှာဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!