ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဗီယက်နမ်အသင်း ခြေစစ်ပွဲအောင်မြင်
|
ရန်ကုန်၊အောက်တိုဘာ ၆။
အောင်သော်ဖြိုး။
အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု-(ဆ)၊ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ် အသင်းတို့အောက်တိုဘာလ ၆ရက်နေ့၊ညနေ ၆:၃ဝတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ် က မြန်မာအသင်းကို ၁-၀ဖြင့် အနိုင်ရခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။
မြန်မာအသင်းတွင် တီမော အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည် ဂိုးသမား ဘုန်းသစ္စာမင်း ပြန်လည်ပါဝင်လာခဲ့ကာတီမော၊ဟောင်ကောင်ပွဲစဉ်များတွင် အရန်စာရင်းတွင် ပါဝင်ခဲ့သည့် ရွေကို ပွဲထွက်လူစာရင်းတွင် ပါဝင်လာခဲ့သည်။
၃ပွဲကစား ၉မှတ်ရရှိထားသည့် ဗီယက်နမ်အသင်း ပွဲစတင်သည်နှင့် မြန်မာအသင်းဘက်ကို ဖိအားပေး ကစားခဲ့ပြီးပွဲချိန် နှစ်မိနစ်တွင် ဗီယက်နမ် ကျောနံပါတ် ၅ ကန်ချက် မြန်မာနောက်တန်း ရဲမင်းသူ ကာကွယ်နိုင်ခဲ့ပြီး ထောင့်ကန်ဘောရခဲ့သည်။မြန်မာအသင်း ပြန်လည်တိုက်စစ်ဆင်မှုကို ဗီယက်နမ်အသင်း တားဆီးရာမှ ရရှိသည့် ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင်ရဲရင့်အောင် ကန်ချက် လူတံတိုင်းထိခဲ့ပြီး လျံထွက်လာသည့်ဘောလုံးကို အောင်ဇင်ဖြိုး အမိအရ မကန်နိုင်သဖြင့် မြန်မာအသင်းနစ်နာခဲ့သည်။
မြန်မာအသင်း အနည်းငယ်ဖိအားပေးလာပြီး ၉မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘော ဈာနေရသူ ကန်ချက် ဂိုးဘားပေါ်မှ ကပ်ထွက်ခဲ့သည်။ဗီယက်နမ်အသင်းက လူကျွံမှုများ မကြာခဏဖြစ်နေပြီး ပွဲချိန် ၁၁မိနစ်တွင် ကျောနံပါတ် ၁၅ တစ်ကိုယ်တော် ထိုးဖောက်မှုလာပြီးဂိုးသမားနှင့် တစ်ဦးချင်း အတွေ့ ကန်သွင်းမှု မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့သည်။
ဗီယက်နမ်အသင်းက မြန်မာအသင်းကို အသာစီးရယူကာ ကစားထားပြီး ပွဲချိန် ၁၄မိနစ်တွင် ဗီယက်နမ် ကွင်းလယ်မှ ပေးပို့မှုကိုခေါင်းတိုက်သွင်းယူနိုင်ခဲ့သော်လည်း လူကျွံနေသဖြင့် မြန်မာအသင်းသက်သာခဲ့သည်။ဗီယက်နမ်အသင်း ကျောနံပါတ် ၁၄-၅ တိုက်စစ်အတွဲမှ ကျောနံပါတ် ၁၄ ပေးပို့မှုကို ကျောနံပါတ် ၅ ဂိုးသမားရှေ့ထွက်လာသည်ကိုအကောင်းမွန်ဆုံးပုံစံဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ဗီယက်နမ်အသင်း အဖွင့်ဂိုးရခဲ့သည်။
ဒုတိယပိုင်းတွင် ရွေကိုအစား အောင်မိုးသူကို ထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပြီး ဗီယက်နမ်အသင်းမှလည်း ကျောနံပါတ် ၁၂အစား ကျောနံပါတ်၆ဝင်ရောက်ခဲ့သည်။ပွဲချိန် ၄၉မိနစ်တွင် ဗီယက်နမ် ကျောနံပါတ် ၅တိုက်စစ်ဆင်မှုကို မြန်မာ ဂိုးသမား ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် အဝါကတ်ပြသခံခဲ့ရပြီးပင်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်။ရရှိသည့်ပင်နယ်တီကို ဗီယက်နမ် အသင်းခေါင်းဆောင် ကန်သွင်းခဲ့ပြီး မြန်မာဂိုးသမား ဘုန်းသစ္စာမင်း အကောင်းဆုံးပုံစံဖြင့် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။
မြန်မာအသင်း တိုက်စစ်ဆင်မှုများ ပြုလုပ်နေသော်လည်း ကွင်းလယ်နှင့် တိုက်စစ် အချိတ်အဆက်မမိဘဲ ဘောလုံးဆုံးရှုံးမှုများနေသည့်အတွက် ဂိုးမရှိသေးသလိုဗီယက်နမ်အသင်းကလည်း အနိုင်ဂိုးများ ထပ်မံရရှိရေး တန်ပြန်တိုက်စစ်မှ တိုက်စစ်ဆင်နေသည်။မြန်မာ နောက်တန်းများကို ဗီယက်နမ် နောက်ခံလူ ကျောနံပါတ် ၅ ခြေစွမ်းပြကာ ဖိအားပေးနေပြီး ပွဲချိန် ၆၂မိနစ်တွင် ၎င်း၏ တစ်ကိုယ်တော် ထိုးဖောက်မှုဖြင့်မြန်မာနောက်တန်းများကို ကျော်ဖြတ်လာသည့်အတွက် ဂိုးသမားရှေ့ထွက်တားဆီးခဲ့ရသည်။ မြန်မာအသင်း မှ စိုးမိုးထွန်း ပွဲချိန် ၇၃ မိနစ်တွင် အဝေးကန်ချက်ဖြင့် ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့သော်လည်း ဂိုးနှင့် အနည်းငယ်လွဲခဲ့သည်။
မြန်မာအသင်း ၁၉မိနစ်က ခွင့်ပြုခဲ့ရသည့်ဂိုးကို ပွဲချိန် ပြီးဆုံးသည်အထိ မချေဖျက်နိုင်ခဲ့ဘဲ အုပ်စု ဒုတိယဖြင့် သာကျေနပ်ခဲ့ရသည်။ဗီယက်နမ်အသင်းက ၄ပွဲကန် ၄ပွဲနိုင် ၁၂မှတ်ဖြင့် အုပ်စုပထမနေရာ၊ မြန်မာအသင်းက ၄ပွဲကန် ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ရလဒ်ဖြင့် အုပ်စု ဒုတိယနေရာကိုရခဲ့သည်။
Next : ဆားဘီးယားနှင့် ခြေစစ်ပွဲအတွက် လုံခြုံရေးအင်အားတိုးမြှင့်ရန် အယ်လ်ဘေးနီးယား စီစဉ်