နည်းပြရော့ဂျာအား လီဗာပူးထုတ်ပယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
491256728
အဲဗာတန်နှင့်ပွဲကို နောက်ဆုံးတာဝန်ယူခဲ့သည့် လီဗာပူးနည်းပြ ရော့ဂျာ

လီဗာပူးအသင်းသည် နည်းပြအဖြစ် ၃ နှစ်ခွဲကြာတာဝန်ယူခဲ့သည့် ဘရန်ဒန်ရော့ဂျာအား ရာထူးမှထုတ်ပယ်လိုက်ကြောင်းသိရှိရသည်။

ရော့ဂျာမှာ ယမန်နေ့က ကစားခဲ့သည့် အဲဗာတန်နှင့်သရေကျခဲ့သောပွဲအပြီးတွင် ထုတ်ပယ်ခံရခြင်းဖြစ်ပြီး ထိုပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ သို့ရောက်ရှိနေသည့် လီဗာပူးတာဝန်ရှိသူများက ပွဲမတိုင်ခင်ကတည်းက ၎င်းကိုထုတ်ပယ်ရန် ဆုံးဖြတ်ထားခဲ့သည်ဟုလည်း သိရသည်။

လီဗာပူး၏ထုတ်ပြန်ချက်တွင်”ခက်ခဲသည့်ဆုံးဖြတ်ချက်ဖြစ်သော်လည်း ကွင်းတွင်းရလဒ်များကောင်းမွန်လာစေရန် ယခုဆုံးဖြတ်ချက်က အရေးပါလိမ့်မည်”ဟု ပါရှိသည်။

လီဗာပူးနည်းပြသစ်အဖြစ် ဒေါ့မွန်နည်းပြဟောင်း ယာဂင်ကလော့ပ်နှင့်အတူ ချဲလ်ဆီး၊ ရီးရဲလ်တို့ကို တာဝန်ယူခဲ့သည့် အန်စလော့တီ၊ အေဂျက်နည်းပြ ဖရန့်ဒီဘိုးဝါးတို့ သတင်းကြီးနေသည်။

“နည်းပြသစ်ရှာဖွေမှု စတင်နေပြီဖြစ်ပြီး အလှည့်အပြောင်းဖြစ်စေမည့်နည်းပြအား အချိန်မီရှာဖွေနိုင်မည်ဟု မျှော်လင့်သည်”ဟု အသင်း၏ကြေညာချက်တွင် ပါဝင်သည်။

မြောက်အိုင်ယာလန်လူမျိုးရော့ဂျာသည် ၂၀၁၂ ခုနှစ်က လီဗာပူးကို တာဝန်ယူခဲ့ပြီး ၂၀၁၃-၁၄ ရာသီကုန်ဆုံးရန် ၃ ပွဲအလို မန်စီးတီးကို အရေးမနိမ့်မီ အမှတ်ပေးဇယား ဒုတိယနေရာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ရော့ဂျာမှာ ဆန်းဒါးလန်းနည်းပြအက်ဗိုကက် ရာထူးမှနုတ်ထွက်သည့်နေ့တွင်ပင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

comments

error: Content is protected !!