သုဝဏ္ဏကွင်းမှာ “ မြန်မာ”သီချင်းသံ လွှမ်းခဲ့သည့် ၁ဝမိနစ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
mm

အောင်သော်ဖြိုး။

အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲ(အုပ်စု-ဆ)ပွဲစဉ်တစ်ပွဲဖြစ်သည့်အိမ်ရှင်မြန်မာအသင်းနှင့်ဟောင်ကောင်အသင်း တို့ ပွဲစဉ် ပွဲပြီးဆုံးရန် ၁ဝမိနစ်သာလိုတော့သည်။

ရိုးရိုးတန်း ပွဲကြည့်စင်ဘက်မှ ပရိသတ်တချို့ထပြန်သွားကြသည်။ အဝေးမှ မြင်နေရသည့် ပုံစံအရ မိမိနိုင်ငံ အသင်း ထင်မှတ်ထားသလို မစွမ်းဆောင်နိုင်၍ စိတ်ပျက်လက်ပျက်  ပြစ်တင်ဝေဖန်နေကြပုံ။ ထိုအချိန်က ဟောင်ကောင် ၁-၀ မြန်မာ။

မြန်မာ-ဟောင်ကောင်ပွဲ မတိုင်မီ ဗီယက်နမ်-တီမော ပွဲစဉ်တွင် ဗီယက်နမ်က ၂-၁ ဖြင့် အနိုင်ရခဲ့သည့်အတွက် အုပ်စု ထိပ်ဆုံးတွင် မိန့်မိန့်ကြီး ထိုင်နေနိုင်သည့် အချိန်။ ဟောင်ကောင် အသင်းကို အနိုင်ရလျှင်ပင် ဗီယက်နမ် အသင်းကိုအနိုင်ရမှခြေစစ်ပွဲ အောင်မည့် အနေအထားတွင် ၁ပွဲသရေ ၁ပွဲရှုံးထားသည့် ဟောင်ကောင်အသင်း၏ ဦးဆောင်ခံနေရသည့် အိမ်ရှင်မြန်မာအသင်းကို ပရိသတ်တို့ စိတ်ပျက်သည်ကား အပြစ်မဟုတ်။

ယနေ့ပွဲစဉ်ကို လွယ်လွယ်နှင့် လာအားပေးရသည်မဟုတ်၊ ပုံမှန်ပိတ်နေကျဖြစ်သည့် ကားလမ်းများအပြင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲတွင် ကျင်းပနေသည့် မျိုးစောင့် ဥပဒေ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနား ရှိသဖြင့်ပိုမိုပိတ်ဆို့နေသည့် ကားလမ်းများကြောင့် ပွဲချိန် အမီလမ်းဆင်းလျောက်လာရသည့် ပရိသတ်က ဒု နဲ့ဒေး။

မြန်မာအသင်းတွင် တီမောနှင့် ပွဲစဉ်တွင် ဒဏ်ရာရနေသည့် ဂိုးသမား ဘုန်းသစ္စာမင်း မပါဝင်နိုင်ဘဲ အရံဂိုးသမား ဆန်းဆက်နိုင်၊ တိုက်စစ်မှူး အောင်မိုးသူ အစား ကွင်းလယ်ကစားသမား အာကာတို့ ပွဲထွက်လူစာရင်း တွင်ပါဝင်လာပြီး ဟောင်ကောင်အသင်းကို ယှဉ်ပြိုင်ခဲ့သည်။

ပွဲစသည်နှင့် အိမ်ရှင် ပရိသတ်အားဖြင့် ဟောင်ကောင်အသင်းကို ဦးဆောင် ကစားခဲ့သည်။ သို့သော် ပွဲချိန် ၂မိနစ်တွင် ဟောင်ကောင်အသင်း တန်ပြန်တိုက်စစ်မှ ဘောလုံးသယ်လာပြီး မြန်မာ နောက်တန်း နှစ်ဦးကြားမှ မျှောပေးခဲ့သည့် ဘောလုံး အနည်းငယ်အရှိန်များနေသဖြင့် မြန်မာ ဂိုးသမား ရှေ့ထွက်ဖမ်းခဲ့နိုင်သည့် အနေအထားကြောင့် ဟောင်ကောင်အသင်းကို အနည်းငယ် လန့်သွားခဲ့သည်။

ပွဲချိန် ၁ဝမိနစ်တွင် မြန်မာပရိသတ်ထံမှ စတင်ကာ “ဟာ”  ဟူသည့် အာမေဋိတ်သံထွက်လာသည်။

ပွဲချိန် ၁ဝမိနစ်တွင် မြန်မာကွင်းလယ်မှ ကန်ပို့ပေးသည့် ဘောလုံးကို ဟောင်ကောင် နောက်ခံလူ ဖျက်ထုတ်ခဲ့သည့် အတွက် မြန်မာအသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး အဆိုပါ ထောင့်ကန်ဘောကို အာကာ ဂိုးအတွင်းသို့ တိုက်ရိုက် ကန်တင်ချက် ကောင်းမွန်သော်လည်း ဟောင်ကောင် ဂိုးသမား ပုတ်ထုတ်ကာကွယ်လိုက်သည့် အတွက် မြန်မာ ပရိသတ်ထံမှ ထွက်လာသည့် အသံဖြစ်သည်။

ဒုတိယအကြိမ် ထပ်မံကန်ခွင့်ရသည့် ထောင့်ကန်ဘောကို ဈာနေရသူ ကန်ချက် ဘေးတိုင်ထွက်ခဲ့သည့် အချိန်တွင်တော့ ပရိသတ်များထံမှ မြန်မာ မြန်မာ ဟူသည့် အသံများထွက်ပေါ်လာသည်။

ပထမပိုင်းတစ်ပိုင်းလုံး ပရိသတ်များထံမှ အကျယ်ဆုံး အသံမှာ မြန်မာအသင်းမှ ဇင်ဖြိုးအောင် ပင်နယ်တီ စည်းအတွင်းမှ အပြင်းကန်သည့်ဘောလုံးဂိုးဘားကိုထကာ ပြန်ထွက်လာပြီး အောင်ဇင်ဖြိုးထပ်မံပိတ်သွင်းသည့် အခါတွင်လည်း ဘေးတိုင်ထိကာ မြန်မာအသင်း ဂိုးမရသည့် အချိန်တွင်ဖြစ်သည်။

တောက်လျောက်ဆိုသလို မြန်မာအသင်း ဂိုးရရှိမည့် အနေအထားများ ရခဲ့သော်လည်း ကံမျက်နှသာမပေးခြင်း၊ တစ်ဦးချင်း စွမ်းရည်ပြမှုများ၊ ကွင်းလယ်နှင့်ရှေ့တန်းအချိတ်အဆက်မမိသည့် အနေအထားများကြောင့် ဂိုးမရရှိသေးဘဲ မြန်မာပရိသတ်များထံမှ “ဟာ” ဆိုသည့် အသံများသာ မကြာခဏကြားနေရပြီး ပထမပိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမပေးရဘဲ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းကစားအားကျလာပြီး ဟောင်ကောင်အသင်းအဝေးကန်ချက်များဖြင့် ထိုးဖောက် လာခဲ့သည့်အတွက် မြန်မာပရိသတ်များစိတ်ထဲတွင် စတင်ကာအသင်းအပေါ် အားမလိုအားမရမှုများ ဖြစ်လာခဲ့သည်။

ပရိသတ်အချို့ထံမှ ဆဲဆိုဝေဖန်သံများလည်း စတင်ကြားလာရပြီဖြစ်သည်။ ကမ္ဘာ့ဖလားဝင်ခွင့်ရသည့် မြန်မာ ယူ-၁၉ အသင်းဖြင့် နှိုင်းယှဉ်သံများ တစ်ဆထက်တစ်ဆ ပိုမို ကျယ်လောင်လာသည်။

ပွဲချိန်မိနစ်၇ဝကျော်တွင် ဟောင်ကောင်ဂိုးသမား ကန်တင်လိုက်သည့် ဘောလုံးကို တိုက်စစ်မှူး ORR MATTHEW မြန်မာနောက်တန်းများကို ကျော်ဖြတ်ကာ ဘယ်ဝန်းသို့ ဆွဲထွက်သွားခဲ့ပြီး ခြေယောင်ပြကာ ဂိုးစည်းအတွင်း ချိုးပေးလိုက်သည့် ဘောလုံးကို မြန်မာဂိုးသမား နှင့် နောက်ခံလူများ မဖျက်ထုတ်နိုင်ခဲ့ဘဲ အသင့်စောင်နေသည့် ကွင်းလယ်လူ NganCheukPan အသာအယာ ပိတ်သွင်းခဲ့ပြီး ဟောင်ကောင်အသင်း ဦးဆောင်ဂိုးရသွားချိန်တွင် ပရိသတ်များ၏ ဝေဖန်သံများ ဆူညံလာသည်။

မြန်မာအသင်းကွင်းလယ်တွင်ဘောလုံးပြန်တည်နေသည့်အချိန်တွင်ရိုးရိုးတန်းပွဲကြည့်စင်ဘက်မှ မြန်မာအလံကို မျက်နှာတွင်စည်းထားသည့်ပရိသတ်တစ်ဦးကွင်းထဲဝင်ရောက်လာပြီးဒိုင်လူကြီးများထံလျှောက်လာသည့်အတွက် ပွဲကိုခေတ္တရပ်နားခဲ့ရပြီး အဆိုပါပရိတ်သတ်ကို မြန်မာအသင်းသားများက ကွင်းပြင်ပသို့ သယ်ထုတ်သွားပြီး သက်ဆိုင်ရာမှ ထိန်းသိမ်းခဲ့သည်။

ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် တစ်ကွင်းလုံး တိတ်ဆိတ်နေခဲ့ပြီး ပွဲကြည့်စင် အချို့မှ ပရိသတ်များ ထပြန်နေသည်ကို တွေ့ရသည်။ ဟောင်ကောင်အသင်း၏ ဦးဆောင်ခံလိုက်ရသည့် အနေအထားတွင် အသင်းပြန်လည် ရုန်းထနိုင်ရန် ဈာနေရသူအစား အောင်မိုးသူကို လူစားထိုးကာ အထောင်တိုက်စစ်မှူး နေရာတွင် ဝင်ရောက် ကစားစေခဲ့သည်။

ပွဲချိန်၈၇မိနစ် ရောက်ရှိလာပြီဖြစ်သည်။ မြန်မာပရိသတ်များ မျက်နှာမကောင်းတော့။ ထပြန်သွားသူ အချို့ရှိသော်လည်း မြန်မာအသင်း ဟောင်ကောင်အသင်းဘက်ကို ဖိကစားလာနိုင်သောကြောင့် မျှော်လင့်ချက်များဖြင့် မရဲတရဲ ကြည့်နေသူများလဲရှိနေသေးသည်။

၈၇မိနစ် ကျော်လွန်ခဲ့သည့်အချိန်တွင်ညာဘက်ဝန်းမှ ရွေကိုဂိုးဧရိယာအတွင်းသို့ မြှောက်ဘောကန်တင်ပေးခဲ့ပြီး နောက်မှလိုက်ပါလာသည့် စစ်မင်း ဟောင်ကောင်နောက်တန်းသုံးယောက်ကြားမှ ပြေးထွက်လာပြီး ရင်ဘတ်ဖြင့် ထိန်းကာ အသာအယာကန်သွင်းခဲ့သည့် ဘောလုံးဂိုးအတွင်းဝင်သွားသည့်အချိန်တွင် မြန်မာပရိသတ်များထံမှ အသံများ ဆူညံစွာ ပြန်လည် ထွက်လာခဲ့သည်။

ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း မြန်မာအသင်းသားများ အောင်ပွဲပင်မခံခဲ့ဘဲ ဘောလုံးကိုကွင်းလယ်တွင်အမြန်ပြန်တည်ပေးခဲ့သည်။ပွဲချိန်ကား၈၈မိနစ်ကျော်နေပြီဖြစ်သည်။ မဖြစ်မနေနိုင်ပွဲရရန်လိုအပ်နေသည့် မြန်မာအသင်းအတွက် သာမန်ပွဲချိန် ၂မိနစ်သာကျန်တော့သည်။

မြန်မာပရိသတ်များကလည်း လက်ကျန် မိနစ်များတွင် အစွမ်းကုန်အားပေးရန် အသင့်ဖြစ်နေသည်။ “မြန်မာ-မြန်မာ ဟူသည့်အသံများ ကွင်းလုံးညံ့နေသည်။

ဟောင်ကောင်အသင်းလည်း ပရိသတ်၏ ဖိအားအောက်ရောက်သွားပုံရသည်။ မြန်မာအသင်း ထိုးဖောက်မှုများကို ကြုံသလို ဖျက်ထုတ်နေရသည်။သာမန်ပွဲကစားချိန်အပြင် နာကျင် အချိန်ပို ၆မိနစ် ထပ်မံပေးထားသည့် အတွက် ပရိသတ်များ မျှော်လင့်ချက်ပိုမိုရှိလာသည်။

နာကျင်အချိန်ပို ၁မိနစ်တွင် စစ်မင်းကန်လိုက်သည့် အဝေးကန်ချက်ကြောင့် ဟောင်ကောင်ဂိုးသမား အသဲအသန် ပုတ်ထုတ်ခဲ့ရပြီး မြန်မာပရိသတ်များ၏ အသံများလည်း ပိုမို ဆူညံလာသည်။

နာကျင်အချိန်ပိုပြည့်ရန်၁မိနစ်ခန့်သာလိုတော့သည့် အချိန်အထိ မြန်မာပရိသတ်တို့ ဟောင်ကောင်အသင်းကို အနိုင်ရမည်ဟူသည့် စိတ်လေး မရဲတရဲ ဖြင့် အားပေးနေသေးသည်။

ပွဲပြီးဆုံးရန် တစ်မိနစ်အလိုတွင် ဟောင်ကောင်အသင်း ရရှိသည့် လက်ပစ်ဘောကို ဟောင်ကောင်အသင်းမှနံပါတ်၂ Law Tsz Chun မြှောက်လိုက်သည်။ ထွက်ပေါ်လာသည့် ဒိုင်လူကြီး၏ ခရာသံကြောင့် မြန်မာကစားသမားတချို့ မြေပေါ်သို့လဲကျသွားသည်။ပရိသတ်များ၏ အသံလည်းခေတ္တ ငြိမ်သက်သွားသည်။ စိတ်ထဲတွင် ပွဲပြီးဆုံးသွားပြီ။

ဘောလုံးတွင် ဘာမဆိုဖြစ်နိုင်သည်ဟူသည့် စကားအတိုင်းပင် ဒိုင်လူကြီး၏ ညွန်ပြမှုအရ ဟောင်ကောင်အသင်း လက်ပစ်ဘောကို နည်းစနစ်မမှန်ကန်သောကြောင့် မြန်မာအသင်း ထိုနေရာမှပင် လက်ပစ်ဘော မြှောက်ခွင့်ရမည်။

ပရိသတ်များ၏ နောက်ဆုံးမျှော်လင့်ချက်။ မြန်မာအသင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်သည်။

ပြိုင်ပွဲမတိုင်မီ လက်ကျောက်ပတ်တီးစီးခဲ့ရသည် ဆိုသည့် စိုးမိုးထွန်းဘောလုံးကို ပြေးကောက်သည်။ ပတ်တီးစီးထားသည့် လက်ဖြင့် ဂိုးစည်းအတွင်း ညွန်ပြလိုက်သည်။ အမြင့်ဘော မြှောက်မည်ဆိုသည့် သဘော။

ဟောင်ကောင်အသင်းဂိုးစည်းအတွင်းသို့ပစ်မြှောက်လိုက်သည်။ ဟောင်ကောင်နောက်တန်းတို့ ခေါင်းတိုက်ဖြတ်ထုတ်လိုက်သော်လည်းဧရိယာထိပ်မှ ထူးခန့်လွင် ပြန်လည်ရရှိပြီး ခေါင်းတိုက်လိုက်ရာ ထောင်တက်သွားပြီး လူစားဝင်လာသည့် အောင်မိုးသူ ဂိုးသမား ညာဘက်သို့ ခေါင်းတိုက်လိုက်သည်။

ဟောင်ကောင်ဂိုးသမား လဲကျသွားသည်။ ထိုခဏသည် သုဝဏ္ဏကွင်းအတွင်း ပျော်ရွင်မှုများ လွမ်းသွားသည်။

ပွဲပြီးဆုံးရန် စက္ကန့်ပိုင်းသာလိုတော့သည့်။ မြန်မာအသင်း ရှုံးနိမ့်နေရာမှ ဟောင်ကောင်အသင်းကို အနိုင်ရခဲ့ပြီ။ အုပ်စုတက်ရေးမျှော်လင့်ချက်လည်း ပြန်လည်နိုးထလာသည်။ ဝေဖန်သံများအစား အားပေးသံများလည်း ကြားနေရသည်။

ဒိုင်လူကြီး၏ ပွဲပြီးခရာသံသည် ဒီနေ့အတွက်တော့ မြန်မာ ယူ-၁၉ နည်းပြချုပ်အတွက် အကောင်းဆုံး ဂီတသံတခုဖြစ်ပုံရသည်။ဂျာမနီလူမျိုး မစ္စတာဂတ်ဖရိုင်းဒရစ်ခ်ျ လက်သီးလက်မောင်းတန်းကာ အောင်ပွဲခံသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်လည်း မစ္စတာဂတ်ကို ပွေ့ဖက်သည်။

သုဝဏ္ဏဘောလုံးကွင်းအတွင်းရှိ စပီကာများထံမှ အသံတစ်သံထွက်လာသည်။

သမိုင်းကြောင်း အစဉ်အလာကြီးမား ရာဇဝင်မှာ ရွေရောင်ထွန်းလင်းသောနေ့စွဲများ” တေးသံရှင် မျိုးကြီး၏ အသံကို အစပိုင်းသာကြားလိုက်ရသည်။နောက်ပိုင်းစာသားများကို  မြန်မာအသင်းပရိသတ်များ သံပြိုင်သီ ဆိုနေကြသည်။ အကျယ်ဆုံးစာသားတခုရှိသည်။

ဦးခေါင်းထက်က သွေးနီရဲပါစေ အရှုံးမပေးဘူးဟေ့၊ သူရဲကောင်းတို့ထုံး နှလုံးမူမယ်၊ ဇာတိသွေး ဇာတိမာန်အပြည့် – – – – – – –  M-Y-A-N-M-A-R မြန်မာ… မြန်မာ…. မြန်မာ….တဲ့ဟေ့

comments

error: Content is protected !!