ဟောင်ကောင်နှင့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ခဲ့သည့် ပရိသတ်ကို ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12112413_608201462652003_3965812863172246542_n
ဟောင်ကောင်နှင့်ပွဲက ကွင်းအတွင်းဝင်ရောက်လာသည့် မြန်မာပရိသတ်

ရန်ကုန်၊အောက်တိုဘာ ၅။
အောင်သော်ဖြိုး။

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအဖြစ် အောက်တိုဘာလ ၄ ရက်နေ့တွင် မြန်မာအသင်း နှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ကွင်းအတွင်းဝင်ရောက်ခဲ့သော မြန်မာပရိသတ်ကို သင်္ကန်းကျွန်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိင်ငံဘောလုံးအဖွဲ့ချုပ် လုံခြုံရေးကော်မတီဥက္ကဌ ဦးအေးချို က ပြောသည်။

“လုံခြုံရေးအပြည့်အဝချထားပါတယ်။ ဒီကလေး ဘယ်လိုဝင်လာလဲဆိုတာ ပြောဖို့ခက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပုဒ်မ ၄၁/၁၆ မှာ အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေသည့် စည်းကမ်းမဲ့မှု၊ အမူအယာပြုခြင်းတို့ကြောင့် အရေးယူသည့် ဥပဒေပုဒ်မဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၈ ရက်မှ အများဆုံး၂၈ ရက်အထိ ကျနိုင်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါပရိသတ်သည်တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူဖြစ်ပြီးပွဲချိန်မိနစ်၇၀ကျော်တွင် မြန်မာအသင်းဘက်သို့ ဟောင်ကောင် အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့သည့်အချိန်တွင် အထူးတန်းပွဲကြည့်စင်နှင့် မျက်နှာချင်းဆိုင်ရှိ ရိုးရိုးတန်းပွဲကြည့်စင်မှ ကွင်းအတွင်းဆင်းလာကာဒိုင်လူကြီးကိုလက်ညှိုးဖြင့်ထိုးကာဝေဖန်မှုများလုပ်ခဲ့သည့်အတွက် မြန်မာအသင်းကစားသမားများမှ ကွင်းပြင်ပသို့ခေါ်သွားခဲ့ပြီး သက်ဆိုင်ရာမှ ထိန်းသိမ်းထားခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ပြိုင်ပွဲတိုင်းနီးပါးတွင် ဆိုးသွမ်းပရိသတ်အချို့ကြောင့် ပြစ်ဒဏ်ချမှတ်ခံရမှုများရှိပြီး ပြီးခဲ့သည့်လကမန္တလေးမြို့တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲများတွင်လည်း ကွင်းအတွင်းသို့ အရာဝတ္ထုများပစ်ခဲ့သည့်အတွက် ဒဏ်ငွေဆောင်သွားရဖွယ်ရှိနေသည့် အခြေအနေတွင် ဟောင်ကောင်ပွဲဖြစ်စဉ်ကြောင့် ထပ်မံအရေးယူခံရဖွယ်ရှိနေသည်။

comments

error: Content is protected !!