အက်သလက်တီကို-ဘင်ဖီကာ ပွဲဖြစ်ရပ်နှင့်ပတ်သက်၍ ယူအီးအက်ဖ်အေ စုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490713394
မီးရှုးမီးပန်းပစ်ဖောက်နေသည့် ဘင်ဖီကာပရိသတ်များ

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် စပိန်ထိပ်သီး အက်သလက်တီကိုနှင့် ပေါ်တူဂီကလပ် ဘင်ဖီကာတို့ပွဲစဉ်တွင် မီးရှုးမီးပန်းများ ပစ်လွှတ်ခဲ့ခြင်းအတွက် အိမ်ရှင်အက်သလက်တီကို ပရိသတ်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယူအီးအက်ဖ်အေမှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်သို့ မီးရှုးမီးပန်းများ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ်ရှိ အက်သလက်တီကိုပရိသတ်အပါအ၀င် ပရိသတ်အများစု မီးလောင်ဒဏ်ရာရရှိခဲ့သည့်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများစတင်ခဲ့ခြင်းဖြစ်သည်။

ရုပ်သံအနှေးပြကွက်များနှင့် မီဒီယာများတွင်ဖော်ပြခဲ့သည့် ဓါတ်ပုံများအရ အဆိုပါမီးရှုးမီးပန်းများမှာ ဘင်ဖီကာပရိသတ်များက စတင်ပစ်ဖောက်ခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကိုပရိသတ်များရှိရာ ပွဲကြည့်စင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဘင်ဖီကာအသင်းဥက္ကဋ္ဌ ဖီလစ်ပီဗီအဲရာက ဘင်ဖီကာအသင်းပရိသတ်များ၏ မီးရှုးမီးပန်းများကြောင့် အိမ်ရှင်အက်သလက်တီကိုပရိသတ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် စိတ်မကောင်းကြောင်း၊ ဘင်ဖီကာပရိသတ်များကိုယ်စား တောင်းပန်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အက်သလက်တီကိုအသင်းကမူ မတော်တဆမှုတစ်ခုသာဖြစ်ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့်ပရိသတ်များမှာ အသေးစားမီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ယူအီးအက်ဖ်အေက ကွင်းလုံခြုံရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!