မြန်မာ ယူ-၁၉ ကစားပုံကို နည်းပြကျေနပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12022528_1643616332544705_1894011429998213409_o
မြန်မာ ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ တတိယနေ့ပွဲစဉ် မြန်မာအသင်း၏ ဒုတိယပွဲစဉ်အဖြစ် တီမောနှင့်ယှဉ်ပြိုင်ခဲ့သောပွဲ၌ ဂိုးမရှိသရေကျခဲ့သော်လည်း မိမိအသင်းသားများမှာ အကောင်းဆုံးခြေစွမ်းနှင့် စိတ်ဓာတ်ရရှိနေပြီဖြစ်ကြောင်း မြန်မာ ယူ-၁၉ နည်းပြက ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒဏ်ရာရရှိသွားသည့် ဂိုးသမားဘုန်းသစ္စာမင်းမှာလည်း လာမည့်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ ယူ-၁၉ နည်းပြက ဆိုသည်။ မြန်မာနည်းပြ ဂတ်ဖရိုင်းဒရစ်က “တကယ့်ပွဲကောင်းတစ်ပွဲပါ။ မြန်မာအသင်းက ဂိုးမသွင်းနိုင်တာလွဲရင် အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ အားထုတ်ပုံပိုကောင်းတယ်လို့မြင်တယ်။ ဘုန်းသစ္စာမင်းရဲ့ နောက်ဆုံးအခြေအနေကို မသိရသေးဘူး။ မျက်နှာကို ဒူးနဲ့တိုက်ခံရတဲ့အတွက် Eye Ball လည်သွားတယ်။ ပုံရိပ်တွေကို နှစ်ထပ်မြင်နေရတယ်။ အခုတော့ ဆေးရုံတင်ထားရတယ်။ နောက်ပွဲဝင်ကစားနိုင်မယ် မျှော်လင့်ပါတယ်။ တီမောအသင်းက တမင်လုပ်ခဲ့တာ သိသာပေမယ့်  ဒိုင်လူကြီးက ပြစ်ဒဏ်မပေးခဲ့ပါဘူး။ မမျှတဘူးလို့ မြင်ပေမယ့် ဘောလုံးပွဲဆိုတာ ဒီလိုပါပဲ။ နောက် ၂ ပွဲမှာ ရလဒ်ကောင်းဖို့ကိုပဲ ကြိုးစားတော့မှာပါ။ ဂိုးမရခဲ့တဲ့အတွက် တိုက်စစ်အားနည်းတယ်ဆိုပေမယ့် ကံတရားမျက်နှာသာမပေးဘူးလို့ပဲ ပြောချင်ပါတယ်။ ဟောင်ကောင်နဲ့ပွဲမှာ  ဂိုးများများရဖို့ကိုပဲ အားထုတ်ရတော့မှာပါ။ လာအိုမှာ နိုင်ငံတကာပွဲကန်ခဲ့ပေမယ့် အိမ်ရှင်ပရိသတ်ရှေ့မှာ ဒီပွဲက ပထမဆုံးကန်တာပါ။  ပရိသတ်ကို အနည်းငယ် ရှိန်နေနိုင်ပါတယ်။ ဗီယက်နမ်နဲ့ပွဲမတိုင်ခင်မှာ ၉ မှတ်လိုချင်တယ်လို့ ပြောခဲ့ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဗီယက်နမ်ကို အနိုင်ကန်ဖို့ပဲ။ အသင်းက အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေပါပြီ။ စိတ်ဓာတ်ပိုင်းကော အားထုတ်မှုပိုင်းပါ ကောင်းမွန်နေပါတယ်”ဟု ပြောကြားခဲ့သည်။

တီမောနည်းပြကလည်း ယနေ့ပွဲနှင့်ပတ်သက်၍ “ဒီနေ့ပွဲကို ခံစစ်နဲ့ ကစားမယ်လို့ အစောကတည်းက စိတ်ကူးထားတာပါ။ ကစားသမားတွေအားလုံး အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။  အဓိက ကတော့ ဂိုးသမား နဲ့ နောက်တန်းတွေ နောက်ဆုံးအချိန်ထိ စွမ်းဆောင်နိုင်ခဲ့တာပါ ။ မြန်မာအသင်းကို ကံတရားက မျက်နှာသာမပေးတာကြောင့်လည်း အဖိုးတန် ၁ မှတ်ရခဲ့တာပါ။ ဗီယက်နမ်နဲ့ ပွဲမှာလည်း အခုလိုပဲ ကစားနိုင်မယ့်လို့ မျှော်လင့်ပါတယ်”ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!