ကစားသမားဘ၀ သွင်းဂိုး ၅၀၀ ပြည့်ဖြင့် ဂန္ထ၀င်ရာအူးလ်၏ ကလပ်သွင်းဂိုးစံချိန်ကို ရော်နယ်ဒိုလိုက်မီခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484765652
မယ်လ်မိုနှင့်ပွဲတွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရော်နယ်ဒိုသည် ယမန်နေ့ညက ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်မယ်လ်မိုအသင်းဘက်သို့ ၂ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ကလပ်အသင်းများနှင့် နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၅၃ ပွဲကစားရာတွင် စုစုပေါင်းသွင်းဂိုး ၅၀၀ ပြည့်မြောက်သွားခဲ့ကာ ရီးရဲလ်၏ဂိုးသွင်းအများဆုံးကစားသမား ရာအူးလ်နှင့်လည်း စံချိန်တူညီသွားခဲ့သည်။

ရီးရဲလ်အတွက် နောက်ဆုံး ၆ ပွဲတွင် ၁၀ ဂိုးသွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ရီးရဲလ်တွင် ၇၄၁ ပွဲကစားပြီး ၃၂၃ ဂိုးသွင်းယူခဲ့သည့် ဂန္ထ၀င်ကစားသမားရာအူးလ်၏စံချိန်နှင့် တူညီသွားခဲ့ခြင်းဖြစ်သည်။

ရော်နယ်ဒို၏စုစုပေါင်းသွင်းဂိုးမှတ်တမ်းမှာ ကွာခြားချက်များရှိသော်လည်း ရီးရဲလ်၏မှတ်တမ်းများတွင် ဆိုစီဒက်နှင့်ကစားခဲ့သော ပွဲစဉ်တစ်ပွဲတွင် ရော်နယ်ဒိုကန်သွင်းလိုက်သည့် အဝေးကန်ချက်မှာ နောက်ခံလူပီပီနှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့မှုကို ရော်နယ်ဒို၏သွင်းဂိုးအဖြစ် သတ်မှတ်ထားခဲ့သည်။

“ကျွန်တော်အရမ်းပျော်တယ်။ ဒီလိုသွင်းဂိုးအရေအတွက်ရအောင်၊ ကမ္ဘာ့အကောင်းဆုံးအသင်းရဲ့စံချိန်ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တဲ့အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူပါတယ်” ဟု ရော်နယ်ဒိုက ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုက ၎င်းအတွက် ဂုဏ်ယူကြောင်း ရာအူးလ်က မက်ဆေ့ခ်ျပို့ခဲ့သည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်သို့ရောက်ရှိလာသော ရော်နယ်ဒိုမှာ အသင်းအတွက် ၃၀၈ ပွဲကစားထားပြီး ၃၂၃ ဂိုးသွင်းယူပေးထားသည်။ ထို့အပြင် ၎င်းသည် မန်ယူတွင် ၁၁၈ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၅၅ ဂိုးနှင့် စပို့တင်းလစ္စဘွန်းကလပ်အတွက် ၅ ဂိုး သွင်းယူထားသည်။ ရော်နယ်ဒိုမှာ ချန်ပီယံလိဂ်ဂိုးသွင်းမှတ်တမ်းတွင်လည်း စုစုပေါင်းသွင်းဂိုး ၈၂ ဂိုးဖြင့် ထိပ်ဆုံးမှရပ်တည်နေသူဖြစ်သည်။

comments

error: Content is protected !!