စောဒကတက်သည့် ကစားသမားအား ဘရာဇီးကွင်းလယ်ဒိုင် သေနတ်ထုတ် ခြိမ်းခြောက်
|
ဘရာဇီးအောက်တန်းလိဂ်ပွဲစဉ်တစ်ပွဲတွင် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီးက ၎င်း၏ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့သည့် ကစားသမားဖြစ်သူအား သေနတ်ထုတ်၍ ပြန်လည်ခြိမ်းခြောက်ခဲ့ကြောင်း ဘရာဇီးမီဒီယာများမှ ဖော်ပြခဲ့ကြသည်။
ဂါဘရီရယ်မူတာအမည်ရ ဘရာဇီးကွင်းလယ်ဒိုင်သည် ပြည်တွင်းအောက်တန်းလိဂ်ပွဲစဉ်တစ်ပွဲအား တာဝန်ယူကိုင်တွယ်စဉ် စောဒကတက်ခဲ့သည့် ကစားသမားများအား အနီကတ်၊ အ၀ါကတ် ပြသရမည့်အစား ခါးကြားမှသေနတ်ထုတ်၍ပစ်ရန် ကြံစည်ခဲ့ခြင်းအတွက် စည်းကြပ်ဒိုင်များက ထိန်းသိမ်းခဲ့ရသည်များကို ရုပ်သံအနှေးပြကွက်များတွင် တွေ့ခဲ့ရသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဘရာဇီးဒိုင်ကော်မတီဥက္ကဋ္ဌ ဘော့ဇ်ဇာနိုက”ဖြစ်စဉ်အတိအကျကို သေချာစုံစမ်းစစ်ဆေးရမှာဖြစ်သလို ဆေးစစ်မှုတွေပြုလုပ်ရဦးမှာပါ။ သူ့စိတ်အနေအထားကို စောင့်ကြည့်ပြီး အရေးယူမှုတွေဆက်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေးနိုင်အောင်လည်း ဒိုင်ကော်မတီအနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ”ဟု မီဒီယာများထံ ဖွင့်ဟပြောကြားသွားခဲ့သည်။
ဒိုင်လူကြီး ဂါဘရီရယ်မူတာမှာ အားကစားကွင်းအတွင်း လက်နက်ယူဆောင်ခြင်း၊ လက်နက်ကိုင်ခြိမ်းခြောက်ခြင်းများကြောင့် ရဲတပ်ဖွဲ့၏အရေးယူမှုကို ခံယူရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ခံယူရဖွယ်လည်းရှိနေကြောင်း၊ ဆေးစစ်ချက်အဖြေများထွက်ပေါ်လာပါက ပွဲစဉ်များ တာဝန်ယူကိုင်တွယ်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်းနှင့် ရာသက်ပန်ပွဲပယ်ခံရနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
Next : စီးရီးအေထိပ်သီးအသင်းများက အီတလီလူငယ်များကို အခွင့်အရေးပေးမှုနည်းပါးနေကြောင်း ၀ါရင့်နည်းပြ ပရင်ဒယ်လီဝေဖန်