ချဲလ်ဆီးတွင် ခြွင်းချက်ကစားသမားမရှိဟု မော်ရင်ညိုသတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
490160842
နယူးကာဆယ်နှင့်ပွဲစဉ်က မော်ရင်ညိုကိုတွေ့ရစဉ်

ကစားသမားများ ခြေစွမ်းတစ်သမတ်တည်းမရှိလျှင် အသင်းတွင် အာမခံချက်ရှိမည်မဟုတ်ဟု ချဲလ်ဆီးနည်းပြမော်ရင်ညိုက သတိပေးပြောကြားလိုက်သည်။ မော်ရင်ညိုမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲတွင် အသင်းခေါင်းဆောင်ဂျွန်တယ်ရီအား ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ပြီး အိုင်ဗန်နိုဗစ်နှင့် ဖာဘရီဂတ်စ်တို့ကိုလည်း ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်ထားသူဖြစ်သည်။

“ဘောလုံးလောကရဲ့ ခြွင်းချက်ကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့ ခြေစွမ်းတစ်သမတ်တည်းဖြစ်ရပါမယ်။ ဘောလုံးလောကမှာ ဒီနေ့ခြေစွမ်းကိုကြည့်ပြီး အကဲဖြတ်တာပါ။ လောလောဆယ် ကျွန်တော့်အတွက် ခြွင်းချက်ကစားသမားမရှိပါဘူး”ဟု မော်ရင်ညိုက ပြောကြားခဲ့သည်။ မော်ရင်ညိုသည် ချဲလ်ဆီးကိုပထမအကြိမ်တာဝန်ယူစဉ် ၂၀၀၆ ခုနှစ်က အသင်းသားများဖြစ်သည့် တယ်ရီ၊ အက်ရှ်လေကိုးလ်၊ လမ်းပတ်၊ ဒရော့ဘာအပါအ၀င် ကစားသမား ၈ ဦးမှာ ခြွင်းချက်ကစားသမားများဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

“လက်ရှိအချိန်မှာ မနှစ်ကရာသီချန်ပီယံဖြစ်စေခဲ့တဲ့ ကစားသမားကောင်းတွေ အသင်းမှာရှိပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ အတိတ်ခြေစွမ်းကိုကြည့်ပြီး မဆုံးဖြတ်ပါဘူး။ ခြေစွမ်းတစ်သမတ်တည်း၊ စိတ်ဓာတ်တစ်သမတ်တည်းဖြစ်နေမှ ဒီလောကနဲ့အံဝင်မှာပါ။ အောင်မြင်သူဖြစ်ဖို့အတွက် အမြဲနိုင်နေဖို့မလိုပါဘူး။ ပွဲတိုင်း၊ နေ့တိုင်းမှာ ခိုင်မာတဲ့စိတ်ဓာတ်ရှိနေရင် အောင်မြင်သူဖြစ်မှာပါ” ဟု မော်ရင်ညိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင်မော်ရင်ညိုက ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ရီးရဲလ်ကိုတာဝန်ယူစဉ်က နံပါတ် ၁ ဂိုးသမားနေရာမှ ၎င်းချန်လှပ်ခဲ့သည့် လက်ရှိပေါ်တိုဂိုးသမား ကာဆီးလက်စ်ကို ပွဲမတိုင်မီနှင့် ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်မည်ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ၎င်းနှင့်ပတ်သက်သည့်မေးခွန်းများ မမေးမြန်းရန် သတင်းထောက်များအား ကြိုတင်တားမြစ်ခဲ့သည်။

comments

error: Content is protected !!