နည်းပြလောကသို့ဝင်မည်ဆိုပါက ဂျရတ်အတွက် သင့်တော်သည့်နေရာမှာ အမေရိကန်ဖြစ်ကြောင်း ဘရုစ်အရီနာ ဆို
|
လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်အနေဖြင့် မိခင်ကလပ်သို့ပြန်၍ နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ထားမှုအပေါ် လက်ရှိအယ်လ်အေဂလက်ဆီအသင်းနည်းပြ ဘရုစ်အရီနာက အမေရိကန်တွင် နည်းပြပညာဆည်းပူးခြင်းက ပိုမိုသင့်တော်သည်ဟု ပြောကြားသွားခဲ့သည်။
ဘရုစ်အရီနာက ”ကမ္ဘာပေါ်မှာ နည်းပြဖြစ်ဖို့ အကောင်းဆုံးသင်ကြားပေးနိုင်တဲ့ ရပ်ဝန်းက အမေရိကန်ပါပဲ”ဟု ဂျရတ်နှင့်ပတ်သက်၍ ၎င်း၏ယူဆချက်ကိုပြောကြားခဲ့သည်။
ထို့အပြင် ဘရုစ်အရီနာက အခြားနာမည်ကြီးအားကစားပြိုင်ပွဲများဖြစ်သော အမေရိကန်ဖွတ်ဘော၊ ဘေ့စ်ဘော၊ ဘက်စကတ်ဘောနှင့် ရေခဲပြင်ဟော်ကီတို့ကိုလည်း လေ့လာနိုင်ကြောင်းပြောကြားခဲ့ပြီး ”ပရီးမီးယားလိဂ်နဲ့ဝေးတဲ့နေရာ၊ ဘောလုံးလောကနဲ့ ၂၄ နာရီ ၁ ရက်လောက်ဝေးကွာလိုက်ပါ။ သူ့ရဲ့အရည်အချင်းတွေ ပိုပြီးကျယ်ပြန့်လာလိမ့်မယ်။ ကျွန်တော်တို့မှာ ထိပ်တန်းပရော်ဖက်ရှင်နယ်လိဂ်တွေမျိုးစုံရှိသလို နေ့ရက်တိုင်းမှာ အသင်းတွေဘယ်လိုဖြစ်မလဲဆိုတာကြည့်ရှုဖို့ စိတ်ဝင်စားစရာကောင်းပါတယ်။ နည်းပြတွေအနေနဲ့ မတူညီတဲ့ဖိအားတွေကို နေ့တိုင်းဖြေရှင်းနေကြရပါတယ်”ဟု ပြောကြားသွားခဲ့သည်။
ဂျရတ်မှာ ၎င်းထုတ်ဝေခဲ့သည့် စာအုပ်သစ်တွင် လီဗာပူးသို့ နည်းပြအဖြစ်ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ထားကြောင်းနှင့် အသင်းကစားဖော်ဟောင်းများဖြစ်သော ကာရေဂါနှင့် အလွန်ဆိုတို့ကို အဖွဲ့ဝင်အဖြစ်ခန့်အပ်မည်ဟု ရေးသားဖော်ပြထားသည်။
Next : ရိုမားကွင်းလယ်လူ ပီဂျာနစ်အား ခေါ်ယူရန် အက်သလက်တီကို ပြင်ဆင်နေ