လာလီဂါတွင် ဆက်လက်ကစားလိုကြောင်း အက်စ်ပန်ညို ဥက္ကဋ္ဌဆို
|
စပိန်လာလီဂါကလပ်အက်စ်ပန်ညိုအသင်းဥက္ကဋ္ဌ ဂျိုအန်ကော်လက်က စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်မည့်အခြေအနေမှာ အားကစားအသင်းတစ်သင်းဖြစ်သည့် အက်စ်ပန်ညိုအသင်းနှင့်မသက်ဆိုင်ကြောင်း၊ အသင်းအနေဖြင့် လာလီဂါတွင်သာ ဆက်လက်ယှဉ်ပြိုင်ကစားလိုကြောင်းနှင့် မြို့ခံပြိုင်ဘက်ဘာစီလိုနာအသင်းကိုလည်း လာလီဂါတွင်ဆက်လက်မြင်တွေ့လိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
နိုင်ငံအတွင်းမှခွဲထွက်ပြီး သီးခြားနိုင်ငံတည်ထောင်လိုနေသည့် ကာတာလန်အစိုးရအနေဖြင့် ၂၀၁၅ ဒီဇင်ဘာတွင်ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး သီးသန့်ခွဲထွက်ခဲ့ပါက ဘာစီလိုနာအသင်းနှင့်အက်စ်ပန်ညိုအသင်းတို့သည် စည်းမျဉ်းများအရ လာလီဂါပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိတော့မည်မဟုတ်ပေ။ ယင်းအတွက်ကြောင့် ပြိုင်ပွဲမှနုတ်ထွက်ရမည့်အခြေအနေအပေါ် အက်စ်ပန်ညိုဥက္ကဋ္ဌက ပြိုင်ပွဲမှမထွက်လိုကြောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ကာတာလန်ဒေသအခြေစိုက်အသင်းတွေဖြစ်ပေမယ့် လာလီဂါပြိုင်ပွဲမှာဆက်လက်ယှဉ်ပြိုင်လိုပါတယ်။ အားကစားအသင်းတစ်သင်းအနေနဲ့ နိုင်ငံရေးအခြေအနေအပေါ် တိုက်ရိုက်ထိရောက်မှုမရှိစေချင်ပါတယ်။ ပြိုင်ဘက်ဘာစီလိုနာအသင်းကိုလည်း လာလီဂါပြိုင်ပွဲမှာ ဆက်ကစားဖို့တောင်းဆိုချင်ပါတယ်”ဟု အက်စ်ပန်ညိုဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ကာတာလန်အခြေစိုက် ထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်သည့် ဘာစီလိုနာအသင်းနှင့် အက်စ်ပန်ညိုတို့သည် စပိန်လာလီဂါစတင်ခဲ့သည့် ၁၉၂၉ ခုနှစ်ကတည်းက စတင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်း ၁၀ သင်း တွင် ပါဝင်ခဲ့သည့် အသင်းများဖြစ်သည်။
Next : လက်စ်ပါးမက်စ်နှင့် ပွဲစဉ်တွင် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာ ပြန်လည်ပါဝင်ကစားနိုင်မည်