စပိန်ကလပ် ဗလန်စီယာအသင်းက ဧရာဝတီအသင်း လူငယ်ဖွံဖြိုးရေး အစီအစဉ်များကို ကူညီမည်
|
ရန်ကုန်၊စက်တင်ဘာ ၂၅
အောင်သော်ဖြိုး။
စပိန်နိုင်ငံ၏ နာမည်ကြီး ကလပ်အသင်းဖြစ်သည့် ဗလန်စီယာအသင်းသည် ဧရာဝတီ ယူနိုက်တက်အသင်း၏ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီသွားမည်ဟု အကြိုသဘောတူညီမှု ရထားကြောင်း ဧရာဝတီ အသင်း မီဒီယာတာဝန်ခံ ဦးအောင်ကျော် က ဆိုသည်။
ဧရာဝတီအသင်း၏ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဗလင်စီယာအသင်းက မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တဆင့် ဆက်သွယ်ခဲ့ကာ ဧရာဝတီယူနိုက်တက် FC ၏ အထွေထွေ မန်နေဂျာ ဦးဇွဲလှိုင်မှီနှင့် ဗလန်စီယာအသင်း၏ဘောလုံးအားကစားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန ညွှန်ကြားရေးမှူး မစ္စတာအန်ဒီးယွန် (Mr. Andy Yun (Director of Football and Business Development))တို့မှာ (၉.၉.၂၀၁၅) နေ့က စင်ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အကြိုသဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ အသင်းသည် ကိုယ်ပိုင် အကယ်ဒမီဖွင့်လှစ်ထားပြီး နိုင်ငံ့ လက်ရွေးစင်များကို မွေးထုတ်ပေးနေသည့် အသင်းတစ်သင်း ဖြစ်သောကြောင့် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များကို စိတ်ဝင်စားသည့် ဗလင်စီယာ အသင်း အနေဖြင့် မြန်မာလူငယ်များကို မြေတောင်မြှောက်ပေးရန် အစီအစဉ်များကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး တချိန်တွင် မြန်မာကစားသမားများ စပိန်ကလပ်များ သို့ လာရောက် ကစားနိုင်သည့် အဆင့်အထိ ဖြစ်လာမည် ဟုမစ္စတာအန်ဒီယွန် က ပြောကြားသည်။
စပိန်ထိပ်တန်းကလပ် အသင်းတစ်သင်း ဖြစ်သည့် ဗလင်စီယာ အသင်းနှင့် လူငယ်ဖွံဖြိုးရေး အစီအစဉ်များ ပူးပေါင်းခဲ့သည့်အတွက် ပုသိမ်အကယ်ဒမီလူငယ်ဖွံဖြိုးရေး အစီအစဉ်များတွင် ပိုမိုထိရောက် ပြည့်စုံမည့် နည်းလမ်းကောင်းများ ရရှိမည်ဖြစ်သည့်အတွက် အရည်အချင်းမှီ ကစားသမားများ ပိုမိုပေါ် ထွက်လာနိုင်သည့် အတွက် နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ အားဖြစ်စေသည်ဟု ဧရာဝတီယူနိုက်တက် FC အထွေထွေ မန်နေဂျာ ဦးဇွဲလှိုင်မှီက ဆိုသည်။
ဗလင်စီယာ အသင်း တာဝန်ရှိသူ မစ္စတာအန်ဒီယွန်းသည် လာမည့် အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဧရာဝတီအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ပုသိမ်အကယ်ဒမီသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်မည် ဖြစ်သည်။
Next : နည်းပြလောကသို့ဝင်မည်ဆိုပါက ဂျရတ်အတွက် သင့်တော်သည့်နေရာမှာ အမေရိကန်ဖြစ်ကြောင်း ဘရုစ်အရီနာ ဆို