ကစားပုံကြမ်းတမ်းမှုများအပေါ် ဝေဖန်နေသည်ကို အာရုံမစိုက်ကြောင်း အင်တာကွင်းလယ်လူမယ်လို ဆို
|
အင်တာမီလန်ကွင်းလယ်လူမယ်လိုက ကစားနေကျပုံစံအတိုင်းကစားသည့်အပေါ် ကြမ်းတမ်းသည်ဟု ဝေဖန်မှုများအား အာရုံစိုက်နေမည်မဟုတ်ကြောင်း၊ ချန်ပီယံဘွဲ့ရရှိရေးအတွက် ရလဒ်ကောင်းရရန်သာ အာရုံစိုက်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
ကွင်းလယ်ကစားသမားဖြစ်သူ မယ်လိုအနေဖြင့် ယခုနှစ် စီးရီးအေပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိနေသည့် အင်တာမီလန်အသင်းတွင် အဓိကပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပြီး ၎င်း၏ ကစားပုံမှာ ပြိုင်ဘက်ကစားသမားများအပေါ် မာမာထန်ထန်ဖျက်ထုတ်လေ့ရှိသည့် အခြေအနေများကြောင့် ကြမ်းတမ်းသည့်ကစားသမားတစ်ဦးအဖြစ် ပြိုင်ဘက်ပရိသတ်အချို့၏ ဝေဖန်ခြင်းခံနေရသူဖြစ်သည်။
“လက်ရှိအချိန်က ဝေဖန်မှုတွေကို အာရုံစိုက်ရမယ့် အချိန်မဟုတ်ပါဘူး။ အသင်းရလဒ်ကောင်းဖို့နဲ့ အသင်းဖော်တွေကို ဖန်တီးပေးနိုင်ဖို့အတွက်သာ ပိုပြီးအာရုံစိုက်ရမယ့်အချိန်ပါ။ အသင်းအတွက်ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ချီးမြှောက်မှုနဲ့အတူ အင်တာမီလန်အသင်းနဲ့အတူ အောင်မြင်မှုတွေရချင်ပါတယ်” ဟု မယ်လိုက အသင်းပိုင်ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။
၂၀၁၅-၁၆ ဘောလုံးရာသီ စီးရီးအေပွဲစဉ် ၅ အပြီးတွင် အင်တာမီလန်အသင်းအတွက် ၃ ပွဲပါဝင်ကစားခဲ့သည့် ကွင်းလယ်ကစားသမားမယ်လိုအနေဖြင့် အ၀ါကတ် ၂ ကြိမ်ပြသခံထားရပြီး စီးရီးအေ၏ကစားပုံအကြမ်းတမ်းဆုံးကစားသမားစာရင်းတွင် ပါဝင်လျက်ရှိကြောင်း အီတလီမီဒီယာများကဖော်ပြလျက်ရှိသည်။
Next : ယူအေအီး၊ ကာတာကလပ်များသို့ အဒီဘာယောပြောင်းရွှေ့ဖွယ်ရှိနေ