ကာတာလန်အစိုးရအနေဖြင့် အားကစားအသင်းများနှင့် မဲဆွယ်ခြင်းမပြုလုပ်ရန် စပိန်အားကစားကောင်စီဥက္ကဋ္ဌ တောင်းဆို
|
စပိန်အားကစားကောင်စီဥက္ကဋ္ဌ မီဂွယ်လ်ကာဒီနယ်က စပိန်နိုင်ငံမှခွဲထွက်ရန်ပြင်ဆင်နေသည့် ကာတာလန်အစိုးရတာဝန်ရှိသူများအနေဖြင့် မဲဆွယ်မှုပြုလုပ်ရာ၌ အားကစားအသင်းများကို ခုတုံးလုပ်၍ မဲဆွယ်ခြင်းမပြုလုပ်ရန် တောင်းဆိုလိုက်သည်။
ကာတာလန်အစိုးရအနေဖြင့် ၂၀၁၅ ဒီဇင်ဘာတွင်ပြုလုပ်မည့် ရွေးကောက်တွင် စပိန်နိုင်ငံမှခွဲထွက်ရန်ပြင်ဆင်လျက်ရှိနေခြင်းကြောင့် ကာတာလန်အခြေစိုက် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ဘာစီလိုနာ၊ အက်စ်ပန်ညိုအသင်းများမှာလည်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အားကစားကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ဘာစီလိုနာအသင်းဥက္ကဋ္ဌရဲ့မှတ်ချက်ပြုပြောစကားအရ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါကနေထွက်ခွာဖို့မရှိပါဘူး။ ဒါပေမဲ့ ကာတာလန်အစိုးရရဲ့လုပ်ဆောင်မှုကတော့ အားကစားအသင်းတွေအတွက် အခက်အခဲတွေရှိလာနိုင်ပါတယ်။ ကာတာလန်အခြေစိုက်အားကစားအသင်းတွေရဲ့ကစားသမားတွေ၊ ပရိသတ်တွေကို မဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေတာက တော်တော်လေးကို ဆိုးရွားလွန်းပါတယ်။ အားကစားကိုခုတုံးလုပ်ပြီး စည်းရုံးမှုတွေမလုပ်ဖို့ တောင်းဆိုချင်ပါတယ်” ဟု အားကစားကောင်စီဥက္ကဋ္ဌက ဆိုခဲ့သည်။
Next : ကွင်းလယ်လူအိုဇဲလ်ကို လုပ်ခတိုးမြှင့်၍ သက်တမ်းတိုးစာချုပ်ရန် အာဆင်နယ်နီးစပ်နေ