နန္ဒကျော်ခြေစွမ်းပြပြီး ရန်ကုန်ကို မကွေးအနိုင်ရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
AP7_4629
ရန်ကုန်တိုက်စစ်မှူးဇွန်မိုးအောင်(ယာ)ကို တားဆီးနေသည့် မကွေးနောက်ခံလူကျော်ဇင်လွင်

ရန်ကုန်၊စက်တင်ဘာ ၂၃။
အောင်သော်ဖြိုး။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ အဖြစ် ပထမနေရာမှ ရန်ကုန်အသင်း နှင့် တတိယနေရာမှ မကွေးအသင်းတို့ စက်တင်ဘာလ ၂၃ရက်  ညနေ ၃:၃ဝ က ရန်ကုန်ယူနိုက်တက် အိမ်ကွင်း မြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး မကွေးအသင်း နောက်ခံလူ နန္ဒကျော် မှ သွင်းဂိုး ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး မကွေးအသင်းက ရန်ကုန်အသင်းကို ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရခဲ့သည်။ အိမ်ရှင် ရန်ကုန်အသင်းက ပထမပိုင်းစတင်သည်နှင့် မကွေးဂိုးသမား ကျော်ဇင်ဖြိုးနှင့် နောက်ခံလူကျော်ဇင်လွင်တို့ နားလည်မှုလွဲသည့် အနေအထားကို ဇွန်မိုးအောင် နှင့် ဆီဇာ တွဲလုံးဖြင့် ဆီဇာက ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မကွေးအသင်းကလည်း ပြန်လည်ချေပနိုင်ရန် တိုက်စစ်ဆင်ခဲ့ပြီး ၂၇ မိနစ်တွင် မကွေးအသင်းမှ နန္ဒကျော် ဂိုးဧရိယာအတွင်း ဆွဲဝင်လာပြီး ဂိုးသမားဘယ်ဘက်ကို အပြင်းကန်သွင်းကာ မကွေးအသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့သည်။

ရန်ကုန်အသင်း ၂၉ မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ကျော်ကိုကို တိုက်ရိုက်ကန်သွင်းခဲ့ပြီး မကွေးနောက်ခံလူများ ဖျက်ထုတ်လိုက်သည့်ဘောလုံး  ဂိုးဧရိယာအတွင်း ပြန်ကျကာ ရှုပ်ထွေးနေသည့်အနေအထားတွင် ရန်ကုန်အသင်းခေါင်းဆောင် ခင်မောင်လွင်က ဘယ်ခြေဖြင့် ပိတ်သွင်းကာ ရန်ကုန်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၃၈မိနစ်တွင် မကွေးအသင်းမှ Sylla Sekou လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ ချေပဂိုးသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း ဒေးဗစ်ထန်း အနာခံဖျက်ထုတ်ခဲ့သဖြင့် ပထမပိုင်းမှာ ၂-၁ ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ၄၈မိနစ် ဇွန်မိုးအောင် ဖြတ်တင်လိုက်သည့် ဘောလုံး ဆီဇာ အပိုင်ကန်သွင်းသော်လည်း ဂိုးသမားကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ရရှိလာသည့်ထောင့်ကန်ဘောကို ဇွန်မိုးအောင်က ကန်တင်ပြီး ကျော်ကိုကို ခေါင်းတိုက်ချက်သော်လည်း တိုင်ထိပြီး ဘေးထွက်ခဲ့သည်။

၅၄ မိနစ်တွင် မကွေးကွင်းလယ်မှ ဖြတ်တင်လိုက်သည့် ဘောလုံးကို နန္ဒကျော်က ဂိုးသမား ဘယ်ဘက်ကို မြေမကျ ကန်သွင်းပြီး မကွေးအသင်း အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ၅၈မိနစ်တွင် ညာတောင်ပံမှ မကွေးကစားသမား ချိုထွန်း ထိုးပေးသည့် ဘောလုံးကို တိုက်စစ်မှူး Sylla Sekou ကန်သွင်းခဲ့ပြီး မကွေးအသင်း ဦးဆောင်ဂိုးရခဲ့သည်။

မကွေးအသင်း၏ ဦးဆောင်မှုကို ခံခဲ့ရသည့် ရန်ကုန်အသင်း မိနစ် ၆ဝ တွင် သန်းထက်အောင်အစား သန်းပိုင်ဝင်ရောက်ကာ တိုက်စစ်မြှင့်ခဲ့သည်။ ၆၆ မိနစ်တွင် မကွေးအသင်းက စိုးမင်းနိုင်၏အဝေးကန်ချက်ကို ဖာနန်ဒိုကာကွယ်နိုင်ခဲ့သည်။ ၆၇မိနစ်တွင် ရန်ကုန်တိုက်စစ်ဆင်လာပြီး ကျော်ကိုကို ချပေးသည့်ဘောလုံးကို ဇွန်မိုးအောင် အပြင်းကန်သွင်းသော်လည်း ဂိုးပေါက်နှင့်လွဲခဲ့သည်။ ၆၈မိနစ် ဇွန်မိုးအောင်အစား ကြည်လင်း ဝင်ရောက်ကစားခဲ့သည်။ ၇၂မိနစ်တွင် ကြည်လင်း၊ ကျော်ကိုကို တိုက်စစ်အတွဲမှ ပေးပို့မှုလည်း အီမာဆင် ကန်ချက်မသေချာသောကြောင့် ဂိုးရရှိမည့် အခွင့်အရေးလွဲချော်ခဲ့သည်။ ရန်ကုန်အသင်းက တောက်လျှောက်တိုက်စစ်ဆင်လာပြီး ၇၂ မိနစ်တွင်ရရှိသည့်ထောင့်ကန်ဘောကို ခင်မောင်လွင် ပိတ်သွင်းသော်လည်း ဂိုးပေါက်နှင့် အနည်းးငယ်လွဲခဲ့သည်။ ၈၃မိနစ်တွင် ကျော်ကိုကို ကန်သွင်းသည့်ဘောလုံးကို မကွေးဂိုးသမားကျော်ဇင်ဖြိုး အသည်းအသန်ကာကွယ်ခဲ့ရသည်။ ၈၅မိနစ်တွင် ကြည်လင်းတင်ပေးသည့်ဘောလုံးကို သန်းပိုင်ခေါင်းတိုက်ရာ တိုင်ထိထွက်ခဲ့သဖြင့် ရန်ကုန်အသင်း ဂိုးကံခေခဲ့သည်။ ပွဲချိန်မိနစ် ၉၀ တွင် ရန်အောင်ကျော်၊ ကြည်လင်း တွဲလုံးမှတစ်ဆင့် ကြည်လင်းကန်သွင်းရာ ကန်ချက်ကောင်းမွန်သော်လည်း
ကျော်ဇင်ဖြိုး လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးချိန်တွင် မကွေးအသင်းက ရန်ကုန်အသင်းကို ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယခုပွဲစဉ်ကို ရန်ကုန်နည်းပြ ဦးတင်မောင်ထွန်း စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အသင်းသည် ပြီးခဲ့သည့် ရတနာပုံအသင်းနှင့် ပွဲစဉ်တွင်လည်း ရှုံးနိမ့်ခဲ့သောကြောင့် ၂ ပွဲဆက် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်ပြီး လာမည့် ပွဲစဉ်တွင် ကမ္ဘောဇအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲပြီးပြောစကား

ရန်ကုန်နည်းပြ ဦးတင်မောင်ထွန်း

နည်းပြအပြောင်းအလဲဖြစ်ခဲ့တာလည်း ၂ ရက်ပဲ ရှိသေးတယ်။ အသင်းက အဓိက ကြံ့ခိုင်မှု အားနည်းနေပါတယ်။ ချန်ပီယံဖြစ်ဖို့အတွက်ကတော့ ဖိအားမရှိပါဘူး။ ချန်ပီယံမဖြစ်ခဲ့ရင် နည်းပြချုပ်တစ်ယောက်အနေနဲ့ တာဝန်ယူသွားပါ့မယ်။

မကွေးလက်ထောက်နည်းပြ  ဦးဇော်ဝင်းထွန်း

ပြီးခဲ့တဲ့ပွဲမှာ ၂-၁ နဲ့ ရှုံးခဲ့လို့ အဆင့် ၄ ကို ဆင်းခဲ့ရတယ်။ ပြီးခဲ့တဲ့အရှုံးကို ပြန်ချေပခဲ့တယ်။ ရန်ကုန်အသင်းက အသင်းကောင်းတစ်သင်းပါ။ သူတို့က ကွင်းလယ်တိုက်စစ်မှာ အားသာတယ်။ နောက်တန်းအားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့တာလို့မြင်တယ်။

အခြားပွဲရလဒ်

ရတနာပုံ ၃-၂ ဟံသာဝတီ
ဧရာဝတီ ၄-၁ ချင်း

comments

error: Content is protected !!