စွမ်းဆောင်ရည်ကျဆင်းလာသော ပရီးမီးယားလိဂ်ကလပ်များ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာထိခိုက်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488333420
ပြီးခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂျူဗင်တပ်ကိုအရေးနိမ့်ခဲ့သည့် မန်စီးတီးအသင်းသားများ

ပရီးမီးယားလိဂ်ကလပ်များမှာ ဥရောပပြိုင်ပွဲများတွင် စွမ်းဆောင်ရည်တဖြည်းဖြည်းကျဆင်းလာပြီးနောက် ယခုနှစ်တွင်လည်းအောင်မြင်မှုမရရှိပါက လာမည့် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်၌ ၄ သင်းပါဝင်ခွင့်ဆုံးရှုံးနိုင်ကြောင်းသိရှိရသည်။

အင်္ဂလိပ်ကလပ်များမှာ ပြီးခဲ့သည့် ၃ နှစ်တာကာလအတွင်း ချန်ပီယံလိဂ်၌ ကွာတားဖိုင်နယ်သို့ ၂ ကြိမ်သာရောက်ရှိခဲ့ပြီး ၅ နှစ် ၁ ကြိမ်သတ်မှတ်သည့် အဆင့်သတ်မှတ်ချက်တွင် ဂျာမနီ၊ စပိန်တို့၏နောက် တတိယနေရာတွင်သာရပ်တည်နေရသည်။

အီတလီမှာ စတုတ္ထနေရာတွင်ရပ်တည်နေသော်လည်း အင်္ဂလန်နှင့် ၄ မှတ်သာကွာဟထားသောကြောင့် ချန်ပီယံလိဂ်တွင် ၄ သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသော ထိပ်ဆုံး ၃ နိုင်ငံနေရာအတွက် စိုးရိမ်စရာဖြစ်လာခဲ့သည်။

ယူအီးအက်ဖ်အေအဆင့်သတ်မှတ်ချက်စည်းမျဉ်းအရ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ကလပ်များ၏ အောင်မြင်မှုရရှိသည့် အဆင့်လိုက်သတ်မှတ်ထားသည့်ရမှတ်များ ရေတွက်ကာ ၄ သင်းဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံများကို ရွေးချယ်ခြင်းဖြစ်သည်။

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်အခြေစိုက်ကလပ် ၄ သင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော်လည်း အီတလီကလပ်များအနက် ဂျူဗင်တပ်နှင့် ရိုးမား ၂ သင်းသာ ၀င်ရောက်ခွင့်ရခဲ့သဖြင့် အင်္ဂလန်ဘက်မှရမှတ်အပိုဆုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် အီတလီကလပ်များ၏ ပြီးခဲ့သည့်ဘောလုံးရာသီရလဒ်များကိုကြည့်မည်ဆိုလျှင် ဂျူဗင်တပ်အသင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ရှိခဲ့ပြီး နာပိုလီနှင့်ဖီအိုရင်တီးနားသည်လည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ခဲ့သဖြင့်  အင်္ဂလန်ကိုဖြတ်ကျော်နိုင်မည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ ထို့အပြင် ယခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အင်္ဂလန်ကိုယ်စားပြုအသင်းအဖြစ် လီဗာပူးနှင့် စပါးတို့သာပါဝင်နိုင်ခဲ့ပြီး အီတလီဘက်မှ နာပိုလီ၊ လာဇီယိုနှင့် ဖီအိုရင်တီးနားတို့  ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ဥရောပပြိုင်ပွဲများတွင် စွမ်းဆောင်ရည် ဆက်လက်ကျဆင်းမည်ဆိုပါက ၂၀၁၀-၁၁ မှစတင်ရေတွက်ခဲ့သည့်စည်းမျဉ်းအရ ၂၀၁၇-၁၈တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၃ သင်း သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်မည်။

comments

error: Content is protected !!