ရန်ကုန်အသင်း လက်ကျန်ပွဲစဉ်များကို နည်းပြချုပ်အဖြစ် ဦးတင်မောင်ထွန်း တာဝန်ယူမည်
|
ရန်ကုန်၊စက်တင်ဘာ ၂၂။
အောင်သော်ဖြိုး
၂၀၁၅ နေရှင်နယ်လိဂ်ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်းအား နိုင်ပွဲများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဆားဘီယားလူမျိုး နည်းပြ မီယိုဒရက်ရက်ဆစ်နှင့် နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ပြီးနောက် ရန်ကုန်အသင်း၏ လက်ကျန်ပွဲစဉ်များကို ပြည်တွင်းနည်းပြ ဦးတင်မောင်ထွန်းက တာဝန်ယူမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက ကြေညာခဲ့သည်။
ဦးတင်မောင်ထွန်းသည် အေအက်ဖ်စီ အေလိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး အခြားနည်းပြအဖွဲ့ဝင်များဖြစ်သည့် ဦးသန်းဝေ၊ ဦးမျိုးမင်းထွန်း၊ ဦးဝင်းနိုင်တို့နှင့်အတူ ရန်ကုန်အသင်းကို ကိုင်တွယ်သွားမည်ဖြစ်သည်။
စက်တင်ဘာလ ၂၃ရက်နေ့ ရန်ကုန်ယူနိုက်တက်မြက်ခင်းတုကွင်းတွင် မကွေးအသင်း နှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်၌ ဦးတင်မောင်ထွန်း စတင်ကိုင်တွယ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် မကွေးပွဲစဉ်အတွက် အဓိကပြင်ဆင်နေကာ လက်ကျန်ပွဲစဉ်များတွင် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု ဦးတင်မောင်ထွန်းက ဆိုသည်။
ရန်ကုန်အသင်းသည် မကွေး (အိမ်ကွင်း၊ စက်တင်ဘာလ ၂၃ ရက်နေ့)၊ ကမ္ဘောဇ (အိမ်ကွင်း၊ စက်တင်ဘာလ ၃၀ ရက်နေ့)၊ ဇေယျာရွှေမြေ (အဝေးကွင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့)၊ ဇွဲကပင်ယူနိုက်တက် (အဝေးကွင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့)၊ ချင်းယူနိုက်တက် (အိမ်ကွင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့) တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
နည်းပြဟောင်း မီယီုဒရက်ရက်ဆစ်သည် ရန်ကုန်အသင်းကို ကိုင်တွယ်ခဲ့သည် နေရှင်နယ်လိဂ် ၁၇ ပွဲတွင် ၁၅ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံး ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ထားပြီး လက်ရှိအချိန်တွင် နေရှင်နယ်လိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေကာ ဒုတိယနေရာမှ အသင်းနှင့် ၁ဝမှတ်ကျော် အသာဖြင့် ရပ်တည်နေသည်။
Next : ရတနာပုံကို ရှုံးနိမ့်ခဲ့သောကြောင့် နည်းပြရက်ဆစ် နှင့် လမ်းခွဲခြင်း မဟုတ်ဟု ရန်ကုန်အသင်း ဆို