ပလာတီနီမှာ ဘောလုံးလောကကို ဘလတ္တာကဲ့သို့ ဦးဆောင်နိုင်မည်မဟုတ်ဟု ရိုမာရီယို ဝေဖန်
|
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ ရိုမာရီယိုက ဖီဖာဥက္ကဋ္ဌသစ်အဖြစ် အရွေးချယ်ခံမည့် မစ်ချယ်ပလာတီနီအနေဖြင့် ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာကဲ့သို့ ဘောလုံးလောကကို ဦးဆောင်နိုင်မည် မဟုတ်ကြောင်း၊ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့်အတွက် ဥရောပကိုယ်စားပြုအသင်းများအပေါ် ပိုမိုအလေးပေးမှုများရှိလာနိုင်ကြောင်း ဝေဖန်သုံးသပ်ခဲ့သည်။
လက်ရှိဖီဖာအမှုဆောင်ကော်မတီဝင်များသည် လာဘ်စားမှုများနှင့် အကျင့်ပျက်ခြစားမှုကြောင့် စစ်ဆေးမှုများခံနေရသည့်အပြင် ဥက္ကဋ္ဌအဖြစ်ဆက်လက်အရွေးချယ်ခံထားရသည့် ဆပ်ဘလတ္တာမှာလည်း ရာထူးမှနုတ်ထွက်ခဲ့သဖြင့် ဖီဖာကော်မတီဝင်များအနေဖြင့် ဥက္ကဋ္ဌသစ်ထပ်မံရွေးချယ်ရန် စီစဉ်လျက်ရှိနေသည်။
“ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လက်ရှိဥက္ကဋ္ဌဘလတ္တာရဲ့ နည်းဥပဒေတွေအတိုင်းပဲ ဆက်လက်ထိန်းသိမ်းဖို့များပါတယ်။ ဒါ့အပြင် ပလာတီနီကို ဘလတ္တာလို ဘောလုံးလောကကို ဦးဆောင်နိုင်မယ့်သူအဖြစ် လက်ခံလို့မရသေးပါဘူး။ သူ့အနေနဲ့ လာဘ်စားမှုကင်း မကင်းဆိုတာ အတိအကျမသိပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်တွေအတွက်ပဲ ပိုမိုအလေးပေးအာရုံစိုက်မယ့်သူဖြစ်လာမှာပါ။ အဲဒီအတွက် မဲပေးခွင့်ရရှိခဲ့မယ်ဆိုရင် ပလာတီနီအတွက် မဲပေးဖြစ်မှာမဟုတ်ပါဘူး” ဟုဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းဖြစ်သူ ရိုမာရီယိုက ဆိုခဲ့သည်။
ဖီဖာတာဝန်ရှိသူများအနေဖြင့် ဥက္ကဋ္ဌသစ်ပြန်လည်ရွေးကောက်တင်မြှောက်ပွဲအား လာမည့် ၂၀၁၆ ဖေဖော်ဝါရီ ၂၆ တွင် ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။ လက်ရှိဥက္ကဋ္ဌလောင်းများအဖြစ် ဖီဖာဒုဥက္ကဋ္ဌဟောင်းဖြစ်သူ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ချောင်မွန်ဂျွန်း၊ ဂျော်ဒန်အိမ်ရှေ့မင်းသား အလီဟူစိန်၊ လစ်ဗျားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မူဆာဘီလစ်တီ၊ ထရီနီဒက်လက်ရွေးစင်ကစားသမားဟောင်း ဒေးဗစ်နက်ခ်ဟစ်ဒ် နှင့် နိုင်ဂျီးရီးယားဂန္ထ၀င်ကစားသမားဟောင်းဖြစ်သူ ဆီဂန်အိုဒက်ဂ်ျဘာမီတို့က ၀င်ရောက်ရွေးချယ်ခံရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
Next : စပါးနှင့်ပွဲတွင် ကိုကွီလင်မပါဝင်နိုင်သော်လည်း မာတီဆက်ကာပွဲထွက်မည်ဟု အာစင်ဝင်းဂါးပြောကြား