အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နိုင်ရန် ဆယ်တာဗီဂိုအား အနိုင်ရရှိရန်လိုအပ်ကြောင်း ဘာစီလိုနာနည်းပြ သတိပေး
|
ဘာစီလိုနာနည်းပြအန်းနရစ်က လက်ရှိချန်ပီယံဆုကာကွယ်ရန်နှင့် အမှတ်ပေးဇယားအားဆက်လက်ဦးဆောင်ခွင့်ရရှိရန်အတွက် ဆယ်တာဗီဂိုအသင်းနှင့် ပွဲစဉ်တွင် ကျိန်းသေပေါက်အနိုင်ရရှိရန်လိုအပ်ကြောင်း၊ ကစားသမားများအနေဖြင့် ရွေးကောက်ပွဲသတင်းများနှင့် ကာတာလန်ဒေသခွဲထွက်ရေး သတင်းများအပေါ် အာရုံမစိုက်သင့်ကြောင်း သတိပေးပြောကြားခဲ့သည်။
ကာတာလန်ဒေသအနေဖြင့် စပိန်နိုင်ငံမှခွဲထွက်ဖြစ်ခဲ့ပါက ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါပြိုင်ပွဲတွင်ဆက်လက်ယှဉ်ပြိုင်ခွင့်မရရှိနိုင်ကြောင်း လာလီဂါဥက္ကဋ္ဌ၏ မှတ်ချက်ပြုပြောကြားထားသော်လည်း အသင်းပွဲစဉ်များအပေါ်တွင်သာ ပိုမိုအာရုံစိုက်ရန် နည်းပြအန်းနရစ်က သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆယ်တာဗီဂိုအသင်းဆိုတာ အခက်အခဲဆုံးပြိုင်ဘက်တွေထဲက တစ်သင်းပါ။ နိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အာရုံမစိုက်ဘဲ အနိုင်ရလဒ်ရရှိဖို့ကိုသာ ပိုမိုအာရုံစိုက်သင့်ပါတယ်။ အထူးသဖြင့် လက်ရှိချန်ပီယံဆုကာကွယ်ဖို့နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခွင့်ရရှိဖို့အတွက် နိုင်ပွဲတွေ မဖြစ်မနေလိုအပ်နေပါပြီ” ဟု ဘာစီလိုနာနည်းပြ အန်းနရစ်က ဆိုခဲ့သည်။
နည်းပြအန်းနရစ်အနေဖြင့် ၎င်းတာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် ဆယ်တာဗီဂိုအသင်းနှင့် ပြန်လည်ရင်ဆိုင်သည့်ပွဲစဉ်များတွင် ရလဒ်ကောင်းရရှိရန် ရုန်းကန်ရလေ့ရှိသည့်အတွက် အသင်းသားများအား သတိပေးနေခြင်းဖြစ်ကြောင်း စပိန်မီဒီယာများမှဖော်ပြလျက်ရှိသည်။ ပွဲစဉ် ၄အပြီး ရှုံးပွဲမရှိရလဒ်ဖြင့် အမှတ်ပေးဇယားအား ဦးဆောင်နေသည့် ဘာစီလိုနာအသင်းသည် ဆယ်တာဗီဂိုအသင်းနှင့် နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် ၂ ပွဲတွင် ၁-၀ ရလဒ်များဖြင့်သာအနိုင်ရရှိထားခဲ့သည်။
Next : ၄ ပွဲဆက်တိုက် အနိုင်ရရှိရုံဖြင့် မလုံလောက်သေးကြောင်း အင်တာမီလန်နည်းပြ ၀န်ခံ