ကာတာလန်ဒေသခွဲထွက်ခွင့်ရရှိခဲ့ပါက ဘာစီလိုနာ၊ အက်စ်ပန်ညိုတို့ လာလီဂါမှ နုတ်ထွက်ရဖွယ် ရှိနေ
|
စပိန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းနေသည့် ကာတာလန်ဒေသအနေဖြင့် အောက်တိုဘာလအတွင်းပြုလုပ်မည့် ရွေးကောက်တွင် ခွဲထွက်ခွင့်ရရှိခဲ့ပါက ကာတာလန်ဒေသအခြေစိုက် လက်ရှိချန်ပီယံဘာစီလိုနာအသင်းနှင့် အက်စ်ပန်ညိုအသင်းများအနေဖြင့် လာလီဂါပြိုင်ပွဲမှ နုတ်ထွက်ရဖွယ်ရှိနေကြောင်း လာလီဂါဥက္ကဋ္ဌဖြစ်သူ ဂျာဗီယာတာဘတ်စ်က သတိပေးပြောကြားခဲ့သည်။
အစောပိုင်းကာလတွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူအနေဖြင့် စပိန်နိုင်ငံမှ ကာတာလန်ဒေသခွဲထွက်ခဲ့ပါက လာလီဂါပြိုင်ပွဲမှ နုတ်ထွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဘာစီလိုနာကစားသမားအချို့မှာလည်း ကာတာလန်လက်ရွေးစင်ဘောလုံးအသင်းအတွက် ပါဝင်ကစားပေးလိုကြောင်းပြောကြားခဲ့မှုများကြောင့် စပိန်ပရိသတ်များအကြား ဝေဖန်မှုများမြင့်တက်လာခဲ့သည်။
“စပိန်နိုင်ငံကြီးပြိုကွဲခဲ့မယ်ဆိုရင် လာလီဂါပြိုင်ပွဲလည်း အနည်းငယ်အပြောင်းအလဲဖြစ်လာနိုင်သလို ပြိုကွဲသွားဖို့လည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ စပိန်ကိုယ်စားပြုမဟုတ်တဲ့အသင်းတွေကတော့ လာလီဂါမှာ ဆက်ရှိနေမယ် မထင်ပါဘူး” ဟု လာလီဂါဥက္ကဋ္ဌဖြစ်သူ ဂျာဗီယာတာဘတ်စ်က ၎င်းး၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက အသင်းအနေဖြင့် နိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း၊ နိုင်ငံရေးဆက်နွယ်မှုမရှိစေရဟူသည့် ဖီဖာ၏ စည်းမျဉ်းစည်းကမ်းအပေါ် ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းအနေနှင့် လိုက်နာမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်သွားခဲ့သည်။ ကာတာလန် ဒေသအာဏာပိုင်များအနေဖြင့် ဒီဇင်ဘာ ၂၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် စပိန်နိုင်ငံမှ ခွဲထွက်နိုင်ရေးအတွက် နိုင်ငံရေးသမားများမှ မဲဆွယ်လျက်ရှိနေကြောင်း သိရသည်။
Next : ဂျာဂျယ်ကာနှင့် ဂျွန်စတုန်းတို့ကို ပရီးမီးယားလိဂ်အကောင်းဆုံးခံစစ်အတွဲဟု မာတီနက်ဇ် ချီးကျူး