နည်းပြသစ်အဖြစ် ဒိုင်နမိုဇာဂရက်နည်းပြဟောင်း အန်တီကာဆစ်အား ခရိုအေရှားဘောလုံးအဖွဲ့ချုပ်ခန့် အပ်တာဝန်ပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
141618912
ဒိုင်နမိုဇာဂရက်တွင်နည်းပြတာဝန်ယူစဉ်ကတွေ့ရသည့် အန်တီကာဆစ်

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် လစ်လပ်နေသည့် လက်ရွေးစင်အသင်းနည်းပြနေရာအတွက် ဒိုင်နမိုဇာဂရက်နည်းပြဟောင်းဖြစ်သူ ခရိုအေးရှားဝါရင့်နည်းပြ အန်တီကာဆစ်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အသက် ၆၁နှစ်အရွယ်ရှိ ၀ါရင့်နည်းပြဖြစ်သူ ကာဆစ်သည် ပြည်တွင်းအသင်းများဖြစ်သည့် ဒိုင်နမိုဇာဂရက်၊ လိုကိုမိုတစ်ဗီယာ၊ ဆလာဗန်အစရှိသည့်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၁၉၉၄-၉၈ ခုနှစ်များတွင် ခရိုအေးရှားယူ-၂၁အသင်းအား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်သည်။

နည်းပြသစ်နှင့်ပတ်သက်၍ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဒေဗာဆူကာက “အသင်းနဲ့ပတ်သက်ပြီး ကာဆစ်နဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးပါပြီ။ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ထိုက်တန်တဲ့ နည်းပြတစ်ယောက်ဖြစ်လို့ ရွေးချယ်ခန့်အပ်ခဲ့တာပါ။ ကာဆစ်အနေနဲ့ ယူရို-၂၀၁၆ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု မီဒီယာများအား ပြောကြားသွားခဲ့သည်။

အဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် နည်းပြကာဆစ်အား ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီး အသင်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက်လည်း နည်းပြသစ်အပေါ်တွင် မျှော်လင့်ထားကြောင်း မီဒီယာများမှဖော်ပြခဲ့ကြသည်။

ခရိုအေးရှားအသင်းအနေဖြင့် လက်ရှိယူရိုခြေစစ်ပွဲတွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန်အတွက် အီတလီ၊ နော်ဝေအသင်းများနှင့် အဓိကယှဉ်ပြိုင်လျက်ရှိပြီး နည်းပြသစ် ကာဆစ်အတွက် ဘူလ်ဂေးရီးယား၊ မော်လ်တာအသင်းတို့နှင့်ပွဲစဉ်များတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ရရှိရန် လိုအပ်နေသည်။

comments

error: Content is protected !!