ထိုင်း နှင့် မြန်မာအမျိုးသမီးအသင်းပွဲစဉ်မှ ပရိသတ် အပြုအမူများကြောင့် FIFA အရေးယူဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
thaliand women football
ကွင်းအတွင်းသို့ ပရိသတ်များမှ အရာဝတ္ထုများဖြင့်ပစ်နေခြင်းကြောင့် ဒိုင်လူကြီးက ပွဲအားခေတ္တရပ်နားထားစဉ်။

ရန်ကုန်၊စက်တင်ဘာ ၁၉။

အောင်သော်ဖြိုး။

၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ် တစ်ခု ဖြစ်သော မြန်မာနှင့်ထိုင်း အမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် မြန်မာ ပရိသတ်အချို့ ကွင်းအတွင်းသို့ အရာဝတ္ထု များဖြင့် ပစ်ခဲ့သည့်အတွက် ပွဲကို ခဏရပ်နားခဲ့ရပြီးအဆိုပါ ဖြစ်ရပ်ကို မြန်မာ-ထိုင်းပွဲစဉ် ကိုင်တွယ်သည့် ပြိုင်ပွဲ ကြီးကြပ်သူ၏ အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည့်အတွက် ဖီဖာမှ အရေး ယူဖွယ်ရှိကြောင်း သိရသည်။

ဖီဖာ အနေဖြင့် ပွဲကြီးကြပ်သည့် ဒိုင်များ၏ သုံးသပ်ချက်ကို စောင့်ဆိုင်းနေပြီး ပွဲစဉ်နှင့် ပတ်သတ်သည့် အ ချက်အလက်များကို စုစည်းနေဆဲဖြစ်ကြောင်းနှင့် ဖြစ်စဉ်ကို မည်သည့်အချိန်တွင် စစ်ဆေးစုံစမ်းကာဆုံး ဖြတ်ချက်ချမည်ကိုအတိအကျမသိရသေးကြောင်း ဖီဖာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ ပွဲစဉ်ကိုင်တွယ်သည့် ပွဲကြီးကြပ်သူမှ ပရိသတ်များ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပေါက်သည့် ကိစ္စကို ပွဲပြီး အစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်ဟုသာ သိရသောကြောင့် ဖြစ်လာသည့် အခြေအနေပေါ်မူတည်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်ဆောင်ရွက်သွားမည်ဟုမြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ဆိုသည်။

မြန်မာ-ထိုင်း ပွဲချိန် ၆၃မိနစ်တွင် ပရိသတ်များမှ ကွင်းအတွင်းသို့ ရေသန့်ဘူး၊ အခြားအရာဝတ္ထုများဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်တိုင် ပစ်သည့် ပရိသတ်များဆီသွားကာ မေတ္တာရပ်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လုံခြုံရေးကော်မတီ ဥက္ကဌ ဦးအေးချို က ပြောကြားသည်။

မြန်မာဘောလုံးပရိသတ်များထဲတွင် ဆိုးသွမ်းပရိသတ်အချို့ ရှိနေပြီး အမှန်အကန် အားပေးသူများ၏ ပုံရိပ်ကို ထိခိုက်စေသည့် အပြုအမှုလုပ်သူများကိုလုံခြုံရေးနှင့် တာဝန်ရှိသူများမှ ထိရောက်စွာအရေးယူသင့်ကြောင်း အ ဆိုပါပွဲစဉ်ကိုသွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦး ဖြစ်သူကိုအောင်က ဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ၂ဝ၁၁ ခုနှစ်ကယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် မြန်မာ-အိုမန်ပွဲစဉ် မှ ဖြစ်ရပ်ကြောင့် အိမ်ကွင်းပိတ်ပြစ်ဒဏ်နှင့် ဒဏ်ငွေဆောင်ခဲ့ရပြီး အာရှယူ-၁၉ ပြိုင်ပွဲ တွင်အိမ်ရှင်အဖြစ် ကျင်းပစဉ်ကလည်း ယူအေအီး နှင့် ပွဲစဉ် အပြီး ပရိသတ်များ ကွင်းအတွင်းဝင်ရောက် အောင်ပွဲခံမှုကြောင့် အာရှ ယူ-၁၉ ပွဲစဉ်တစ်ပွဲကို ပရိသတ်မပါဘဲ ကျင်းပရန် ပြစ်ဒဏ်ချမှတ်ခံထားရသည့်အပြင် အာရှယူ၁၉ ခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ် တစ်ပွဲကို ပရိသတ်မပါဘဲ ကျင်းပရန်လည်း ပြစ်ဒဏ်ချမှတ်ခံထားရသည်။

comments

error: Content is protected !!