ချဲလ်ဆီးသို့ရောက်ရန် အခွင့်အရေးရခဲ့ဖူးကြောင်း အဲဗာတန်နောက်ခံလူ မိုရီ ဖွင့်ဟ
|
ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အဲဗာတန်အသင်းထံရောက်ရှိခဲ့သည့်
အာဂျင်တီးနားလက်ရွေးစင်နောက်ခံလူဖြစ်သူ မိုရီက လူငယ်ကစားသမားဘ၀တွင် ချဲလ်ဆီးလူငယ်ကစားသမားဖြစ်ရန် အခွင့်အရေးရရှိခဲ့ဖူးကြောင်း၊
ဥရောပပတ်စ်ပို့မရှိခဲ့သည့်အတွက် အခွင့်အရေးဆုံးရှုံးခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အာဂျင်တီးနားထိပ်သီးကလပ် ရေးဗားပလိတ်လူငယ်အသင်းမှ ပေါ်ထွက်လာခဲ့သည့် နောက်ခံလူ မိုရီသည်
ယခုနှစ်နွေရာသီကစားသမားအပြောင်းအရွှေ့ ဈေးကွက်တွင် ပေါင် ၉.၅သန်းဖြင့် အဲဗာတန်အသင်းထံ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း
အလုပ်လုပ်ခွင့်ပါမစ်မရရှိသေးသဖြင့် ပွဲထွက်ကစားခွင့်ရရှိရန် အချိန်စောင့်ဆိုင်းနေရခြင်းဖြစ်သည်။
“လူငယ်ကစားသမားဘ၀က ဒါးလက်စ်အသင်းရဲ့ တာဝန်ရှိသူတစ်ချို့ရဲ့ အကူအညီနဲ့ ဗြိတိန်ကို ရောက်ရှိခဲ့ပြီး
ညီအစ်ကိုနှစ်ယောက်လုံး ချဲလ်ဆီးကစားသမားဖြစ်ဖို့ အခွင့်အရေးကိုယ်စီရခဲ့ပါတယ်။
နှစ်ပတ်ကြာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပေမယ့် ဥရောပပက်စ်ပို့မရှိခဲ့တဲ့အတွက် အခွင့်အရေးဆုံးရှုံးခဲ့ရတာပါ။
လက်ရှိအချိန်မှာလည်း အလုပ်လုပ်ခွင့်ပါမစ်ရရှိရန်အတွက် စောင့်ဆိုင်းနေရတုန်းပါပဲ ” ဟု အဲဗာတန်နောက်ခံလူ မိုရီက ဖွင့်ဟပြောကြားခဲ့သည်။
မိုရီနည်းတူ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ဖြစ်သူ ရိုဟိုမှာလည်း ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင်
မန်ယူအသင်းထံပြောင်းရွှေ့ခဲ့စဉ်က အလုပ်လုပ်ခွင့်ပါမစ်ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး
အချိန်တစ်လကျော်ကြာမှ အသင်းအတွက် ကိုယ်စားပြုကစားခွင့်ရရှိခဲ့သည်။
Next : မက်ဆီကိုထိန်းချုပ်ကစားရန် အစီအစဉ်မရှိကြောင်း ရိုးမားနည်းပြဆို