ချင်း နှင့် ဟံသာဝတီ ဂိုးမရှိ သရေကျ
|ရန်ကုန်၊စက်တင်ဘာ ၁၂။
အောင်သော်ဖြိုး။
၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် (၁၇) အဖြစ် ချင်းယူနိုက်တက် နှင့် ဟံသာဝတီ အသင်းတို့ စက်တင်ဘာလ(၁၂) ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်း နိုင်ဘဲ သရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
နှစ်သင်းစလုံး အနိုင်ရရှိရေး အတွက် အဓိက ကစားသမား အစုံအလင် နှင့် ပွဲထွက်လာပြီး ပွဲချိန်အစပိုင်းတွင် ချင်းယူနိုက်တက် မှ ဖိအားပေး ကစားထားကာ ကျန်ရှိနေသည့် ပထမပိုင်း ပွဲချိန်များတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဖိအားပေး ကစားခဲ့ကြသည်။
ပွဲချိန် မိနစ်သုံးဆယ် တွင် ဟံသာဝတီ ကစားသမား အောင်မျိုးသူရ ဂိုးသမား နှင့် တစ်ဦးချင်း အပိုင်ကန်သွင်း ရသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ နှစ်သင်းစလုံး မှ အပိုင် အခွင့်အရေးများ ရခဲ့သော်လည်း အဆုံးသတ် မသေချာမှုများ ကြောင့် ပထမပိုင်း အပြီး ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ချင်းယူနိုက်က တိုက်စစ်ပိုမိုကောင်းမွန်လာပြီး ဟံသာဝတီအသင်း ဘက်သို့ ဖိအားပေး ကစားလာပြီး ဟံသာဝတီ အသင်းက တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့ကာ ပွဲပြီးဆုံးချိန် တွင် ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့သည်။
“ဒီနေ့ရလဒ်က နှစ်သင်းလုံးအတွက် မျှတပါတယ်။ ကျွန်တော်တို့ အသင်းတိုက်စစ် က တိုက်စစ်က အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ တန်းဆင်းဇုန် က အသင်းတွေ နဲ့ အမှတ်မကွာတာကြောင့် နောက်ပိုင်းပွဲစဉ်တွေကို ဖိုင်နယ်လို ကစားသွားရတော့မှာပါ” ဟု ဟံသာဝတီ နည်းပြ ဦးထွန်းထွန်းလင်း က ဆိုသည်။
“ကျွန်တော်တို့အသင်း ရှုံးပွဲတွေဆက်နေတာကြောင့် အခုပွဲကို စိုးရိမ်ခဲ့ရတယ်။ သရေ ရလဒ်က ကျေနပ်စရာ ကောင်းပါတယ်။ တန်းမဆင်းရရေးအတွက် နောက်လာမယ့် ပွဲစဉ်တွေမှာ ဘယ်အသင်းကို မှ လျော့မတွက်ဘဲ ကြိုးစားကစားသွားမှာပါ” ဟု ချင်းအသင်း နည်းပြ ဦးဗန်ကောင်း က ဆိုသည်။
ချင်းယူနိုက်တက် – ဟံသာဝတီ ယူနိုက်တက် ပွဲစဉ် နှင့် တစ်ရက်တည်း ဧရာဝတီ-နေပြည်တော်၊ ဇေယျာရွေမြေ – ဇွဲကပင် အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ဧရာဝတီ-နေပြည်တော် ပွဲစဉ်တွင် ဂိုးမရှိသရေကျ ခဲ့ပြီး ဇေယျာရွေမြေ အသင်းက ဇွဲကပင် အသင်းကို ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့သည်။
Next : စပါးသို့ ပြောင်းရွှေ့မည်ဆိုသည့် သတင်းများအား စတီဗင်ဂျရတ် ငြင်းဆန်