မီလန်ဒါဘီပွဲတွင် အနိုင်ရသူက ရွှေ့ပြောင်းဒုက္ခသည်များကို လှူဒါန်းမည်
|
လာမည့်တနင်္ဂနွေညတွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်တွင် အနိုင်ရသူက လတ်တလော ဥရောပတွင် အခက်အခဲဖြစ်နေသော ရွှေ့ပြောင်းဒုက္ခသည်များကို လှူဒါန်းရမည်ဆိုသော အေစီမီလန်နည်းပြမီဟိုင်းလိုဗစ်၏ စိန်ခေါ်မူကို အင်တာမီလန်နည်းပြ မန်စီနီက လက်ခံခဲ့ကြောင်း သိရသည်။
ပြိုင်ဆိုင်မှု ပြင်းထန်သော ဥရောပထိပ်သီး ဒါဘီပွဲများထဲတွင် တစ်ပွဲအပါအ၀င်ဖြစ်သည့် ယခုနှစ် မီလန်ဒါဘီတွင် အင်တာမီလန် ကွင်းလယ်လူဟောင်း မီဟိုင်းလိုဗစ်မှာ မန်စီနီအား ပြိုင်ဘက်အဖြစ် ပထမဦးဆုံး အကြိမ် ပြန်လည်ဆုံတွေ့ ခြင်း ဖြစ်သည်။
“မီလန်ဒါဘီမှာ အနိုင်ရတဲ့သူက ရွှေ့ပြောင်းဒုက္ခသည်တွေကို လှူဒါန်းရမယ်ဆိုတဲ့ စိန်ခေါ်မှုက ကျွန်တော့်နှလုံးသားထဲကလာတဲ့ ခံစားချက်ပါ။ တစ်ခြားသူတွေကိုလည်း ဒီလှူဒါန်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီရာသီမှာ ကျွန်တော်ဟာ မန်စီနီကို မိတ်ဆွေတစ်ယောက် အနေနဲ့ရော ပြိုင်ဘက်တစ်ယောက် အနေနဲ့ပါ ပြန်လည်ဆုံတွေ့ရတာ ဖြစ်ပါတယ်။ ရှေ့ လာမယ့် ဒါဘီပွဲစဉ်တွေမှာလည်း အနိုင်ရသူက တကယ်အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေကို လှူဒါန်းဖို့ ဆက်လက်လုပ်ဆောင် သွားမှာပါ။ မီလန်ဒါဘီပွဲမှာ အနိုင်ရတဲ့သူက လှူဒါန်းမှာ ဖြစ်ပေမယ့် သရေကျခဲ့ရင်လည်း နည်းပြနှစ်ယောက်ပေါင်းပြီး လှူဒါန်းမှာ ဖြစ်ပါတယ်”ဟု မီဟိုင်းလိုဗစ်က ဆိုခဲ့သည်။
မီဟိုင်းလိုဗစ်သည် အင်တာမီလန်အသင်းတွင် နည်းပြမန်စီနီ၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ယူဂိုဆလားဗီးယားနိုင်ငံတွင် မွေးဖွားခဲ့သော မီဟိုင်းလိုဗစ်က ရွှေ့ပြောင်းဒုက္ခသည်များ၏ အကျပ်အတည်းမှာ သူ့အတွက် ၀မ်းနည်းစရာ ဖြစ်ရပ်ပင် ဖြစ်ကြောင်း ထပ်မံဆိုခဲ့သည်။
Next : ချဲလ်ဆီးက မိမိကို ထုတ်ပယ်လိမ့်မည်မဟုတ်ဟု မော်ရင်ညို ပြောကြား