လာမည့်အပြောင်းအရွှေ့ ကာလတွင် ကာဗာနီကို အာဆင်နယ် ခေါ်ယူနိုင်မည်
|
အာဆင်နယ်အသင်းသည် လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီကို ခေါ်ယူနိုင်လိမ့်မည်ဟု သတင်းများကဖော်ပြခဲ့ကြသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် ကာဗာနီကို ခေါ်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လက်ရှိအချိန်တွင် ကာဗာနီကိုယ်တိုင်က ပြင်သစ်တွင် နေထိုင်ရသည်ကို မပျော်ရွှင်ဘဲ အာဆင်နယ်အသင်းသို့  ပြောင်းရွှေ့ ရန် အလိုရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် အသင်းအင်အားဖြည့်တင်းရန်အတွက် ကစားသမားသစ်များကို မခေါ်ယူနိုင်ခဲ့ခြင်းကြောင့် နည်းပြအာစင်ဝင်းဂါး ဝေဖန်ခံနေရချိန်တွင် ကာဗာနီကို လာမည့်အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်မည်ဟူသော သတင်းအချိန်ကိုက် ထွက်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်းလည်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
အခြားသတင်းတစ်ရပ်အရ ပြီးခဲ့သည့် အပြောင်းရွှေ့ ကာလတွင် တိုက်စစ်မှူးများ မခေါ်ယူခဲ့ခြင်းမှာ ဥရောပတွင် အရည်အသွေးမီ တိုက်စစ်မှူးများ မရှိခြင်းကြောင့် ဖြစ်သည်ဟု နည်းပြ အာစင်ဝင်းဂါးက Uefa Forum တွင်ပြုလုပ်သော ဆွေးနွေးမှုတွင် ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် အရည်အသွေးမြင့် တိုက်စစ်မှူးများမှာ တောင်အမေရိကတိုက်မှသာ ထွက်ပေါ်နေပြီး ဥရောပမှ ထွက်ပေါ်လာမှုနည်းပါးသည်ဟုလည်း အာစင်ဝင်းဂါးက ထောက်ပြပြောဆိုခဲ့သည်။ ထို့ အပြင် အသင်းတွင် ဂီရော့ဒ်၊ ဆန်းချက်ဇ် နှင့် ၀ဲလ်ကော့တို့  ရှိနေခြင်းကြောင့် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးမခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ၀င်းဂါးက ဆိုခဲ့သည်။
Next : ချင်း နှင့် ဟံသာဝတီ ဂိုးမရှိ သရေကျ