မြန်မာ ယူ-၁၆ နည်းပြနှင့် တွေ့ဆုံမေးမြန်းခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
နှိုက် ရိုက်တာမရလို့
မြန်မာ ယူ-၁၆ နည်းပြအဲရစ်ဝီလျံ

2016 AFC U-16 Championship ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း နောက်ဆုံး ခြေစမ်းပွဲ အဖြစ် မြန်မာ ယူ-၁၉ အသင်း နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့က ခြေစမ်းခဲ့ပြီး ၄-ဝ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်အပြီး မြန်မာ ယူ-၁၆ နည်းပြအဲရစ်ဝီလျံကို 2016 AFC U-16 Championship ခြေစစ်ပွဲ နှင့် ပတ်သက်သည်များကို မေးမြန်းခဲ့သည်။

အောင်သော်ဖြိုး တွေ့ဆုံမေးမြန်းသည်။

မေး – အခု ယူ-၁၉ အသင်း နဲ့ခြေစမ်းပွဲမှာ ရှုံးခဲ့တယ်နော်။ နည်းပြအနေနဲ့ အသင်းအပေါ် အားရကျေနပ်မှု       ရှိရဲ့လား။

ဖြေ- ရာနှုန်းပြည့် အားရမှုမရှိဘူး။ ဒါပေမယ့် အရန်ကစားသမား အချို့ကို ပထမပိုင်းမှာ သုံးထားတယ်။ ၃ ဂိုး နဲ့ အရေးနိမ့်နေချိန်မှာ ကစားသမား အပြောင်းအလဲ ပြန်လုပ်လိုက်တယ့် အချိန်မှာ အသင်းက ပြန်ပြီး ဦးဆောင်လာနိုင်တဲ့အတွက်တော့ ကျေနပ်မိတယ်။ ဘာတွေလိုအပ်တယ်ဆိုတာ ပြင်ဆင်နိုင်သွားတာပေါ့။

မေး – အခုလူစာရင်းက ကမ္ဘောဒီးယား အာဆီယံ ချန်ပီယံရှစ်တုန်းက လူစာရင်းကို ဘယ်လောက်ပြောင်းလဲထားလဲ။

ဖြေ – ကမ္ဘောဒီးယားမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားအချို့ကို အပြောင်းအလဲ လုပ်ထားတယ်။ ကစားသမား သုံးဦးပေါ့။ မန္တလေး အကယ်ဒမီ ကစားသမားလေးတွေပါ။ တခြား ကစားသမားတွေကို ရှာချင်ပေမယ့် အခက်အခဲလေးတွေ ရှိလို့ မရှာဖြစ်လိုက်ဘူး။

မေး- 2016 AFC U-16 Championship ခြေစစ်ပွဲ အုပ်စုတွင်း ပြိုင်ဘက်တွေကိုလည်း သုံးသပ်ပေးပါဦး။

ဖြေ – ခြေစွမ်းက တစ်သင်းနဲ့တစ်သင်း အကွာကြီးမဟုတ်ပါဘူး။ ဒီနေ့လို ကိုယ့်ထက် အစစအရာရာသာတဲ့ ယူ- ၁၉ လိုအသင်းနဲ့ ယှဉ်ပြိုင်ဖူးထားတော့ တန်းတူအသင်းတွေနဲ့ တွေ့တဲ့အခါမှာ အသာရနိုင်ပါတယ်။ အိမ်ရှင် ဗီယက်နမ်၊ သြစတေးလျ တို့ရဲ့ ကစားပုံတွေ ကိုတော့ လေ့လာထားပါတယ်။ ဂူအမ်ရဲ့ အကြောင်းတော့ သိပ်မသိဘူး။ သိထားတာ တစ်ခုက အမေရိကန် ဘောလုံးသမား တချို့ဟာ ဂူအမ်မှာ ကစားနေတယ်ဆိုတာပါ။

မေး – အဖွင့်ပွဲစဉ်လို အရေးကြီးတဲ့ ပွဲစဉ်မှာ အိမ်ရှင်ဗီယက်နမ် နဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ အနိုင်ယူနိုင်ပါ့မလား။

ဖြေ -ဗီယက်နမ်နဲ့ပွဲက အရေးကြီးပါတယ်။ ပထမဆုံး ခြေလှမ်း တစ်လှမ်း တိုးရမှာပါ။ ပထမဆုံးပွဲမှာ ရှုံးခဲ့ရင် နောက်ပွဲရလဒ်တွေ မသေချာပါဘူး။ မြန်မာ ယူ-၁၆ အသင်းက ကမ္ဘောဒီးယား အာဆီယံ ချန်ပီယံရှစ်တုန်းက အိမ်ရှင် ကမ္ဘောဒီးယားကို ပရိသတ် လေးသောင်းကျော် ရှေ့မှာ အနိုင်ယူခဲ့ပါတယ်။ ဗီယက်နမ် ကလည်း မြန်မာအသင်းကို လျော့တွက်ထားမှာ မဟုတ်ဘူး အိမ်ကွင်းပရိသတ်အပြည့် နဲ့ ဖိအားပေးမှာပဲ။ ကစားသမားတွေ အနေနဲ့ ကမ္ဘောဒီးယားတုန်းကလိုပဲ အာရုံစူးစိုက်မှု၊ ခံယူချက်ကောင်းကောင်းနဲ့ သင်ပြမှုတွေကို စနစ်တကျ လုပ်နိုင်မယ် ဆိုရင် အနိုင်ရနိုင်ပါတယ်။

မေး – ဒုတိယပွဲစဉ်မှာ တွေ့မယ် သြစတေးလျကို ကမ္ဘောဒီးယားမှာ ၄ဂိုးပြတ် ရှုံးထားဖူးတယ်နော်။ နောက်တစ်ကြိမ်ပြန်တွေ့ရင် ရှုံးကြွေးဆပ်နိုင်မှာလား။

ဖြေ- ကမ္ဘောဒီးယား မှာ တွေ့တုန်းက အရန်ကစားသမားတွေနဲ့ တမင် ကစားခဲ့တာပါ။ အရန်တွေရဲ့ စွမ်းဆောင်ရည်ကို သိချင်တာလဲပါပါတယ်။ အနိုင်ရမယ်လို့တော့ မပြောနိုင်ပေမယ့် ပထမတွေ့ဆုံမှုထက် သာလွန်တယ့် ခြေစွမ်းကိုတွေ့ရမှာပါ။

မေး – နည်းပြ အနေနဲ့ ပရိသတ်တွေကို လာမယ့် ခြေစစ်ပွဲ နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ – မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော၊ ပရိသတ်တွေကော မျှော်လင့်ကြမှာပါ။ ဒါပေမဲ့အရမ်းတော့ မျှော်လင့်လို့မရပါဘူး။ ကမ္ဘောဒီယား မှာ မထင်မှတ်ထားတဲ့ ရလဒ်ကို ယူနိုင်ခဲ့တယ်။ အဲဒီပွဲက အမှားတွေကိုလည်း ကြိုးစားပြီးပြင်နေပါတယ်။ ဒါပေမယ့် စုဖွဲ့တာမကြာသေးတဲ့အတွက် အသင်းက ချက်ချင်းကြီး ကောင်းမလာသေးပါဘူး။ ပြောနိုင်တာကတော့ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းမယ်ဆိုတာပါပဲ။ ပရိသတ်တွေ အနေနဲ့ တကယ့် အခြေအနေမှန်ကို လက်ခံပေးဖို့လိုပါတယ်။ ဒီပွဲမှာ မအောင်မြင်ခဲ့လို့ ဆိုပြီး အပြစ်မတင်ဘဲ အသင်းစဖွဲ့ဖွဲ့ချင်းမှာ ကမ္ဘောဒီးယားမှာ အောင်မြင်မှုရခဲ့တာကို ထောက်ထားပြီး ဆက်အားပေးစေချင်ပါတယ်။

အခုလို Football Channel Myanmar ကို ဖြေကြားပေးတဲ့ အတွက် နည်းပြအဲရစ်ဝီလျံ ကို ကျေးဇူးအထူး တင်ရှိပါတယ်။

comments

error: Content is protected !!