(၂၀၁၈)ကမ္ဘာ့ဖလားမတိုင်မီ ကစားသမားဘ၀မှအနားယူမည်ဟု ဖီးလစ်လမ်းဆို
|
ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားသမားဘ၀မှ အနားယူမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အသက်(၃၄)နှစ်ရှိ အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့်(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၄၀၀)ကျော်ကစားပေးထားသူ ဖြစ်သည်။
ဖီလစ်လမ်းက “(၂၀၁၈)ထဲမှာ ကျွန်တော့်ကစားသမားဘ၀အဆုံးသတ်မှာပါ။ အခုလိုနောက်ဆုံးအချိန်ကို သတ်မှတ်လိုက်တာ ကျွန်တော့်အတွက်ကောင်းပါတယ်။ လက်ရွေးစင်အသင်းတုန်းကလည်း ဒီလိုပဲဆုံးဖြတ်ချက်ချခဲ့တာပါ။ နိုင်ငံအတွက် ရာနှုန်းပြည့်ပေးဆပ်နိုင်ခဲ့လို့ အဲဒီဆုံးဖြတ်ချက်အပေါ် ဘယ်တော့မှ နောင်တမရပါဘူး”ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့်ဆုဖလားပေါင်းများစွာ သိမ်းပိုက်ထားနိုင်ခဲ့သော ဖီးလစ်လမ်းက အသင်းမှထွက်ခွာပြီးချိန်တွင် နည်းပြအဖြစ် ဘိုင်ယန်သို့ ပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားသွားခဲ့သည်။
Next : နည်းပြမွန်တဲလားကြောင့် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရဟု ဂျိုအာကွင်း ဆို