နည်းပြဟောင်း ဖာဂူဆန်နှင့်ဆက်ဆံရေး ပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု ရွန်နီပြောကြား
|
မန်ယူအသင်းနည်းပြဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်နှင့် ဆက်ဆံရေးပျက်ယွင်းခဲ့သည့်အတွက် နောင်တမရဟု မန်ယူအသင်းခေါင်းဆောင် ၀ိန်းရွန်နီက ထုတ်ဖော်ပြောကြားလိုက်သည်။ ရွန်နီသည် မန်ယူအသင်းကို ဖာဂူဆန်နောက်ဆုံးတာဝန်ယူခဲ့သည့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် အသင်းမှထွက်ခွာလုနီးပါးဖြစ်ခဲ့ပြီး နောက်ပိုင်းမှသာ အသင်းတွင်ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းကို နည်းပြလူးဝစ်ဗန်ဟားတာဝန်ယူပြီးနောက်ပိုင်း အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ရသည့် ရွန်နီက လက်ရှိအချိန်တွင် မန်ယူအသင်းဒါရိုက်တာအဖြစ်တာဝန်ယူနေသည့် ဖာဂူဆန်အား လေးစားမှုရှိနေဆဲဖြစ်ကြောင်းဆိုခဲ့သည်။ “ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းကစားတဲ့ ပွဲစဉ်တွေမှာ သူ့ ကိုတွေ့ ရလေ့ရှိသလို ဥရောပပွဲစဉ်တွေကစားရင်လည်း လိုက်ပါအားပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ ကြားမှာ ခြားနားမှုတွေရှိပါတယ်။ ဒါပေမယ့် ဆက်ဆံရေးကတော့ ပုံမှန်ပါပဲ’’ ဟု ရွန်နီက အိမ်ကွင်းတွင် ဆွစ်ဇာလန်အသင်းနှင့်ကစားရမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲမတိုင်ခင် သတင်းထောက်များကို ပြောခဲ့သည်။ ရွန်နီသည် ဆန်မာရီနိုအသင်းကို ( ၆-၀ ) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အင်္ဂလန်လက်ရွေးစင်ဟောင်း ဘော်ဘ်ီချာလ်တန်၏ နိုင်ငံတကာသွင်းဂိုး ( ၄၉ ) ဂိုး စံချိန်ကို လိုက်မီနိုင်ခဲ့ပြီး ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် ထိုဂိုးသွင်းစံချိန်ကို ချိုးဖျက်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။
Next : ဆားဘီးယားနှင့်ပွဲတွင် တိုက်စစ်မှူးဂီရော့ဒ် ပရိသတ်များ၏ လှောင်ပြောင်မှုခံရ