ဆောက်သမ်းမြန်မာအသင်း မြန်မာနေရှင်နယ်လိဂ်သို့ တန်းပြန်တက်လာ
|
ရန်ကုန်၊စက်တင်ဘာ ၇။
အောင်သော်ဖြိုး။
မြန်မာနေရှင်နယ်လိဂ် ၂ နောက်ဆုံးပွဲစဉ် အဖြစ် စက်တင်ဘာလ ၆ရက်နေ့ ညနေပိုင်းက အောင်ဆန်းကွင်းတွင် ဆောက်သမ်း မြန်မာအသင်း နှင့် GFA အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး ၁-၁ ရလဒ်ဖြင့်ပြီးဆုံးခဲ့ပြီး ဆောက်သမ်း မြန်မာအသင်း က MNL-2 ဖလားကို ၁၄ပွဲနိုင် ၄ပွဲသရေ ရလဒ်ဖြင့် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ကာ မြန်မာနေရှင်နယ်လိဂ်သို့တစ်ကျော့ပြန်တက်လာနိုင်ပြီဖြစ်သည်။
အဆိုပါ ပွဲစဉ်အပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ပြီး ပထဆုရ ဆောက်သမ်းမြန်မာအသင်း ကို ချန်ပီယံဆုဖလား နှင့် တစ်ဦးချင်းရွေတံဆိပ်ဆု၊ ဆုကြေးငွေကျပ် သိန်း၁၅ဝ တို့ကိုချီးမြှင့်ခဲ့ပြီး၊ ဒုတိယဆု ရရှိခဲ့သည် Horizon အသင်းကို တစ်ဦးချင်းငွေတံဆိပ်ဆုများ နှင့် ဆုကြေးငွေကျပ် သိန်း ၁ဝဝ တို့ကို ချီးမြှင့်ခဲ့ပြီး၊ တတိယဆုရရှိခဲ့သည့် GFA အသင်းကို တစ်ဦးချင်းကြေးတံဆိပ်ဆုများ နှင့် ဆုကြေးငွေကျပ် သိန်း ၅ဝတို့ကို ချီးမြှင့်ခဲ့ကြသည်။
၂ဝ၁၅ မြန်မာနေရှင်လိဂ် ၂ ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယ ရရှိခဲ့သည့် ဆောက်သမ်း မြန်မာအသင်း နှင့် Horizon အသင်းတို့မှာ လာမည့်ရာသီ MNL-1 တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး တတိယနေရာ မှ GFA အသင်းသည် MNL-2 တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဒုတိယနေရာမှ တန်းတက်ခွင့် ရရေးကို နောက်ဆုံးအချိန်ထိ GFA အသင်းနှင့် Horizon အသင်းတို့ အပြိုင်အဆိုင် ရှိနေခဲ့ပြီး GFA အသင်းက ဆောက်သမ်း မြန်မာအသင်းကို သရေ ရလဒ်သာရခဲ့ပြီး Horizon အသင်း က တက္ကသိုလ် University FC တို့ ပွဲစဉ်တွင် ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ သောကြောင့် ဒုတိယ နေရာမှ တန်းတက်ခွင့်ရခဲ့သည်။
ဆောက်သမ်း မြန်မာအသင်းသည် မြန်မာနေရှင်နယ်လိဂ် စတင်ခဲ့သည့် ၂ဝဝ၉ ခုနှစ်မှ စတင်ကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော အသင်းဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။
MNL-II 2015 (ပ-ဒု-တ) အသင်းများ ရာသီကုန် ရပ်တည်မှု
၁။ ဆောက်သမ်းမြန်မာ
(၁၈)ပွဲ ကစား၊ (၁၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရဂိုး (၃၇)၊ ပေးဂိုး (၆)ဂိုး၊ ရမှတ် (၄၆)
၂။ Horizon FC
(၁၈)ပွဲ ကစား၊ (၁၀)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရဂိုး (၅၄)၊ ပေးဂိုး (၁၆)ဂိုး၊ ရမှတ်(၃၈)
၃။ GFA FC
(၁၈)ပွဲ ကစား၊ (၁၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၅)ပွဲရှုံး၊ ရဂိုး (၃၈)၊ ပေးဂိုး (၁၃)ဂိုး၊ ရမှတ်(၃၆)
Next : MNL သို့ပထမဦးဆုံးအကြိမ် တန်းတက်လာသည့် Horizon အသင်း ကစားသမားသစ်များ ခေါ်ယူမည်