ဂိုးသွင်းစံချိန်ထက် အသင်းလိုက်အောင်မြင်မှုရရန် ရွန်နီပစ်မှတ်ထား
|
အင်္ဂလန်အသင်းခေါင်းဆောင် ၀ိန်းရွန်နီက ဆန်မာရီနိုနှင့်ကစားမည့်ပွဲစဉ်တွင် ဆာဘော်ဘီချာလ်တန်၏ လက်ရွေးစင်အသင်းဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ရန် အခြေအနေရှိသော်လည်း မန်ယူဂန္ထ၀င်ကစားသမားဟောင်း ၏ လက်ရွေးစင်အသင်းနှင့်အောင်မြင်မှုကို ပိုမိုအားကျသဖြင့် နိုင်ငံအသင်းအောင်မြင်မှုရရေးကို ပိုမိုပစ်မှတ်ထား သည်ဟု ပြောကြားလိုက်သည်။
ရွန်နီသည် ယနေ့ညတွင် ဆန်မာရီနိုနှင့်ကစားမည့် ယူရို-၂၀၁၆ ခြေစစ်ပွဲကို အနိုင်ရမှသာ လာမည့်နှစ် ပြင်သစ် တွင်ကျင်းပမည့် ယူရိုပြိုင်ပွဲကို မိမိတို့အသင်းဝင်ရောက်ခွင့်ရမည်ကို သိရှိထားကြောင်း ပြောကြားခဲ့သည်။ အသက် ၂၉ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်က ဘော်ဘီချာလ်တန်၏ လက်ရွေးစင်အသင်းသွင်းဂိုး စံချိန် ၄၉ ဂိုးကို ချိုးဖျက်၍ တစ်ဦးချင်းမှတ်တိုင်သစ် စိုက်ထူနိုင်မည်ကို သိရှိသော်လည်း အင်္ဂလန်အသင်းနှင့်အတူ ယူရို-၂၀၀၄၊ ယူရို-၂၀၁၂၊ ၂၀၀၆ ကမ္ဘာ့ဖလား၊ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ၂၀၁၄ ကမ္ဘာ့ဖလားတို့တွင် အောင်မြင်မှု မရခဲ့ခြင်းကြောင့် အင်္ဂလန်နှင့်အတူ ထိုပြိုင်ပွဲများတွင် ဗိုလ်စွဲနိုင်ပါက မိမိအတွက် ပိုမိုကျေနပ်စရာဖြစ်သည်ဟု ဆိုသည်။
ရွန်နီမှာ ဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်လျှင်လည်း ဘော်ဘီချာလ်တန်မှာ အင်္ဂလန်၏ တစ်ကြိမ်တည်းသော ကမ္ဘာ့ဖလားဗိုလ်စွဲမှုတွင် အဓိကပါဝင်ခဲ့သူဖြစ်၍ နှိုင်းယှဉ်မှုများခံရမည်ကိုလည်း နားလည်ကြောင်း ဖွင့်ဟခဲ့သည်။
ရွန်နီက “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မက်ဆီက မာရာဒိုနာလောက်မကောင်းဘူးလို့ ပြောကြတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့ဖလားမရဘူးလို့လေ။ ကျွန်တော့်အတွက်တော့ မက်ဆီက မာရာဒိုနာထက် ပိုကောင်းတဲ့ကစားသမားပါ။ ဒါပေမဲ့ ဘောလုံးလောကဆိုတာ ဒီလိုပဲလေ။ ဆုဖလားဘယ်လောက်ရလဲဆိုတာ အရေးကြီးတယ်။ အသင်းလိုက်အောင်မြင်မှုအပေါ်ပဲမူတည်ပြီး ဆုံးဖြတ်ခံရမှာပါ။ ဆာဘော်ဘီက အဲဒီလို အောင်မြင်မှုရခဲ့တယ်။ ကျွန်တော်လည်း သူ့လိုအောင်မြင်နိုင်မယ်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
Next : အင်္ဂလန်အသင်းတွင် ဂျွန်စတုန်းပါဝင်ကစားဖွယ်ရှိ