AYA Bank ဖူဆယ်လ်အလွတ်တန်း ဗိုလ်လုပွဲ MICအသင်း ဂိုးပြတ်အနိုင်ရ
|
ရန်ကုန်၊စက်တင်ဘာ ၂။
အောင်သော်ဖြိုး။
AYA Bank MFF အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် MIC အသင်း နှင့် ခေတ္တရာအသင်းတို့ တွေ့ဆုံခဲ့ပြီး ဗိုလ်လုပွဲကို စက်တင်ဘာလ(၁)ရက်နေ့၊ ညနေ(၃)နာရီ က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင်ကျင်းပခဲ့ရာ MIC အသင်းက ခေတ္တရာအသင်းကို ၁ဝ-၂ ဂိုးဖြင့် အနိုင်ရကာ AYA Bank ဖူဆယ်လ်အလွတ်တန်းချန်ပီယံဘွဲ့ကို ရယူခဲ့သည်။
MIC အသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် Winner FC အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်လည်းကောင်း၊ ခေတ္တရာအသင်းသည် VUC FC ကို (၅-၂) ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်လာကြခြင်းဖြစ်သည်။
AA Bank ဖူဆယ်လ်အလွတ်တန်းချန်ပီယံဆုကိုရရှိခဲ့သည့် MIC အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်းရွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း(၃ဝ) ချီးမြှင့်ခဲ့ပြီး ဒုတိယရရှိသည့် ခေတ္တရာအသင်းကို တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေးငွေ ကျပ်သိန်း(၂ဝ)ကို ချီးမြှင့်ခဲ့သည်။
AYA Bank အလွတ်တန်းဖူဆယ်လ်ပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်မီ တတိယလုပွဲကို ကျင်းပခဲ့ပြီး Winner အသင်း နှင့် VUC အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး သာမန်ပွဲပြီးချိန်အထိ (၂-၂) ဂိုး သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင်း ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ Winner အသင်းက VUC အသင်းကို (၅-၃) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
တတိယဆုရရှိသော Winner အသင်းကို တစ်ဦးချင်းကြေးတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၁၅)သိန်း နှင့် စတုတ္ထဆုရရှိခဲ့သည် VUC အသင်းကို ဆုကြေးငွေကျပ်(၁ဝ)သိန်း အသီးသီးချီးမြှင့်ခဲ့သည်။
အခြားဆုများအဖြစ် အသန့်ရှင်းဆုံးရရှိခဲ့သည့် VUC အသင်းကို ကျပ်(၅)သိန်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု ရခဲ့သည့် Winner အသင်းမှ ကျောနံပါတ် (၁၂) ကျော်ထက်အောင် ကို ငွေကျပ် (၃)သိန်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုအဖြစ် Winner အသင်းမှ ကျောနံပါတ် (၁၁) ငြိမ်းမင်းစိုးကို ငွေကျပ် (၃)သိန်း အသီးသီးချီးမြှင့်ခဲ့သည်။
Next : ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ခြေစမ်းပွဲ မြန်မာနှင့် နယူးဇီလန် ကစားမည်